သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းရှိ ထူပါရုံမှတ်တိုင်အနီးတွင် နိုဝင်ဘာလ ၅ ရက် နံနက် ၁ နာရီခွဲဝန်းကျင်က လမ်းဘေးရှိ အမျိုးသား ခုနစ်ဦးကို လိုက်ထရပ်ယာဉ်တစ်စီးက အရှိန်လွန် ဝင်တိုက်မိခဲ့သောကြောင့် ယာဉ်တိုက်ခံရသူများအနက် အမျိုးသားသုံးဦးမှာ အခင်းဖြစ်နေရာတွင် ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၂ နှစ် ယာဉ်မောင်း ဦးစိုးနိုင် (ခ)သန်းဝင်းမှာ လိုက်ထရပ်ယာဉ်ကို ဧရာဝဏ်လမ်း အတိုင်း မောင်းလာစဉ် ထူပါရုံမှတ်တိုင် အလွန် အရှိန်မထိန်းနိုင်ဖြစ်ပြီး ညာဘက် လမ်းဘေးတွင် လမ်းလျှောက်နေသော အမျိုးသား ခုနစ်ဦးကို ဝင်တိုက်မိခဲ့သည်။
“လိုက်ထရပ်ကားက အရှိန်နဲ့ မောင်းလာရာက လူတွေကို ဝင်တိုက်မိတာ။ သေသွားတဲ့ သုံးယောက်ထဲက နှစ်ယောက်ဆို ဗိုက်တွေ ခေါင်းတွေပါ ပွင့်ထွက်သွားတာ”ဟု အခင်းဖြစ်စဉ်ကို သွားရောက် စစ်ဆေးခဲ့သော ရဲအရာရှိတစ်ဦးက ပြောသည်။
ယာဉ်တိုက်ခံရသည့် အမျိုးသား ခုနစ်ဦးတွင် အသက် ၃၀ နှစ်ဝန်းကျင်ရှိ အမည်မသိ အမျိုးသား တစ်ဦး၊ အသက် ၂၅ နှစ် ကိုငယ်လေးနှင့် အသက် ၄၅ နှစ် ဦးမိုးအောင် (ခ) မိုးလေးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်လေးဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ထားရကြောင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဦးစိုးနိုင် (ခ) သန်းဝင်းကို သာကေတမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က (ပေါ့လျော့ခြင်းဖြင့် သေစေမှု) အပါအဝင် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။