4/01/2017

ဖိုင်နယ် မဲရလဒ် မှားယွင်း ခဲ့မှုကြောင့် MM idol ဆုကို သားငယ် စွန့်လွှတ် ရဖွယ်ရှိ




ကျင်းပ ပြီးစီးခဲ့သည့် MM Idol ပြိုင်ပွဲ၏ နောက်ဆုံး ဖိုင်နယ် ပွဲစဉ်၌ ပရိသတ်များ၏ ဆန္ဒမဲကို ရေတွက်ရာတွင် မှားယွင်းမှု အချို့ ဖြစ်ခဲ့သောကြောင့် အနိုင်ရခဲ့သူ သားငယ်၏ ရလဒ် ပယ်ဖျက် ခံရဖွယ် ရှိနေသည်။
သားငယ်သည် အဆိုပါ ဖိုင်နယ်ပွဲ၌ ဘီလီ လမင်းအေးနှင့် ယှဉ်ပြိုင် ခဲ့ရခြင်း ဖြစ်ပြီး ဒိုင်များ ရွေးချယ်ပေးသော သီချင်းနှင့် တေးသံရှင် ရဲလေး ရေးသား ပေးခဲ့သော သီချင်းများကို သီဆိုရာတွင် အခက်အခဲ အနည်းငယ် ဖြစ်ခဲ့သည်။ သို့သော် ပရိသတ်များ၏ ဆန္ဒမဲကို ရေတွက် ရာတွင် မဲအရေအတွက် အသာရပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

“အဓိက ကတော့ မဲပေးတဲ့ စနစ်ပေါ့နော်။ ဖိုင်နယ်ပွဲမှာ ဖုန်းတစ်လုံးကို တစ်မဲသာ လက်ခံမယ်လို့ စီစဉ်ခဲ့ ပေမယ့် တကယ်တမ်း ရေတွက်တဲ့ အခါမှာ ဖုန်းတစ်လုံး တည်းက အကြိမ်ကြိမ် ပေးတာတွေ ကိုပါ ရေတွက် ခဲ့မိပါတယ်။ ဒါကြောင့် တကယ်တမ်းမှာ ဖုန်းအရေအတွက် ပိုများတဲ့ ဆီက မဲရခဲ့တဲ့ ဘီလီ လမင်းအေးကို idol ဆု လွှဲပြောင်း ပေးသွားမှာပါ”ဟု MTP မှ ပြောရေး ဆိုခွင့် ရှိသူ မမြတ်ထက်တင်က ပြောကြားခဲ့သည်။

ဒုတိယမြောက် ရာသီအဖြစ် ကျင်းပပြုလုပ်သည့် MM Idol သီချင်းဆို ပြိုင်ပွဲတွင် နောက်ဆုံး အဆင့်သို့ ပြိုင်ပွဲဝင် ဆယ်ဦး တက်ရောက် လာခဲ့ပြီး သီတင်းပတ် တစ်ပတ်လျှင် ပရိသတ် မဲရရှိမှု အနည်းဆုံး တစ်ဦး ထွက်ခွာ ရသည့် ပုံစံဖြင့် ကျင်းပခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်လူကြီး များအဖြစ် တေးသံရှင်များ ဖြစ်ကြသော မြန်မာပြည် သိန်းတန်၊ မေဆွိ နှင့် တင်ဇာမော်တို့ ပါဝင် ဆောင်ရွက် ပေးခဲ့ကြသည်။
“ဖိုင်နယ်ညက ဘီလီ ရှုံးသွားလို့ တစ်ညလုံး ငိုလိုက် ရတာဗျာ။ အခုလို ဘီလီကို idol ဆု ပြန်ပေးမယ် ဆိုတော့ ပျော်လွန်းလို့ ရူးတောင် သွားမလား မသိဘူး။

အရမ်း ၀မ်းသာ လွန်းလို့ ရှိတာတွေ အကုန် ပေါင်နှံ ရောင်းချပြီး ၇ ရက် ၇ လီ အလှူကြီး ပေးမလို့တောင် စဉ်းစားထား ပါတယ်”ဟု MM Idol ကို ပုံမှန် အားပေးသည့် ပြင်ဦးလွင်မှ ပရိသတ် တစ်ဦးဖြစ်သူ ကိုထွန်းသူရကျော်က ပြောသည်။

Ref: 7.5 days News