သမီးရည်းစားတော်တော်များများက ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတစ်ခွန်းကိုပဲ သိပ်မေးချင်ကြတယ်။
ဘာလို့ကိုယ့်ကိုချစ်တာလဲ။ ဘာလို့စိတ်ညစ်အောင်လုပ်ရတာလဲ။ ဘာလို့မုန်းရတာလဲ။ ဘာကြောင့်လမ်းခွဲရတာလဲ။
ဘာလို့ဘာလို့ ဆိုတဲ့ မေးခွန်းတွေမေးပြီး ပေးလာတဲ့ အကြောင်းပြချက်တွေအပေါ် အရမ်းစိတ်ဝင်တစားရှိကြပါတယ်။
အယုတ်စွဆုံး တစ်ဘက်သူက လိမ်ပြီးပြောလာတဲ့ အဖြေလေးကိုလည်း ကျေနပ်တောင့်တ မျှော်လင့်တတ်ကြပါတယ်။
အဖြစ်များဆုံး ပြဿနာ တစ်ခုရှိပါသေးတယ်။ လမ်းခွဲလိုက်ရင် မပြီးနိုင်မပြတ်နိုင်ပဲ တစ်သသ အမျှင်မပြတ်ပဲ ဘာကြောင့် လမ်းခွဲရတာလဲ ဘာလို့ ကိုယ့်ကို အသဲခွဲရတာလဲဆိုတာမျိုး အထိပါ မေးတတ်တွေးတတ်ကြပါတယ်။
တကယ်တော့ ဘာလို့ သူဒါမျိုးလုပ်ရတာလဲ ဘာကြောင့်လဲဆိုတဲ့ မရေရာတဲ့ အဖြေကိုရှာနေမဲ့အစား။
ငါကရော ဘာလို့ ဘာကြောင့် ဒီလိုလူမျိုးကို မလေ့လာပဲ ရွေးချယ်မိသလဲ။ ဘာကြောင့် ဒီလိုလူမျိုးနဲ့ ပက်သတ်မိရသလဲလို့ မစဉ်းစားမိကြဘူးမဟုတ်လား။
သူဘာလို့ ငါ့ကိုနာကျင်အောင်လုပ်သွားသလဲဆိုတော့ သူကအစကတည်းက ဒီလိုအကျင့်စရိုက်ရှိတဲ့ သူမို့ ဒီလိုလုပ်သွားတာပေါ့လို့ အဖြေမထုတ်နိုင်ကြတာများပါတယ်။
ဒီတော့ သူ့ကိုအပြစ်တင်မုန်းတီးနေရင် ကိုယ်ပဲပူလောင်ပါတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုမှားတဲ့ အပြစ်ကိုတော့ မြင်တာရှားပါတယ်။ တစ်ဘတ်သူက ပစ်သွားရက်လေခြင်း ၊ ကိုယ့်ပေါ်မတရားလေခြင်းလို့ တွေးကြတာက များပါတယ်။
ကိုယ်ကတော့ လူရွေးမှားသွားပြီဆိုပါစို့။
မှားမှန်းသိပေမဲ့ ထိုသူကိုမှန်အောင် ပြုပြင်ပေးချင်တယ်။ သူကလည်းကိုယ်ထင်သလို ဖြစ်မလာဘူးဆိုရင် သူ့အပြစ်မဟုတ်တော့ပါဘူး။ ဒါဟာကိုယ့်ပြဿနာ ဖြစ်သွားပါပြီ။
သူဟာသူ့ပုံစံအတိုင်း သူ့ဗီဇအတိုင်း မပြင်နိုင်တာကို သင်သွားပြီး အပြစ်တင်လို့မရတော့ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့သူက သူဖြစ်နေတာကိုး။
ဒါကိုမှ ဘာကြောင့်မပြုပြင်နိုင်ရတာလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ပြဿနာထပ်ရှာလိုက်ဦး ၊ဒါဆို သင်ထပ်ထပ်ထပ်ပြီး မှားသွားပါလိမ့်မယ်။
အမှားထဲမှာ အမှားဆုံးအမှားက လူအရွေးမှားတာမဟုတ်သေးပါဘူး။
ကိုယ့်ကိုယ်ကိုလိမ်ပြီး ကိုယ့်ရဲ့အမြင်တွေ ခံယူချက်တွေ မျှော်လင့်ချက်တွေ မှားယွင်းနေတာက အမှားဆုံးပါပဲ။
အမူအကျင့်ဆိုတာ မပြောင်းလဲနိုင်ဘူးလားလို့မေးရင် ပြောင်းလဲလို့ရပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် ပြောင်းလဲချင်တဲ့စိတ်ရှိမှ ပြောင်းလဲလို့ရတာပါ။ သူတစ်ပါးက တောင်းဆိုပြီး ပြောင်းလဲခိုင်းလဲ ပြောင်းလဲချင်မှ ပြောင်းလဲပါလိမ့်မယ်။
ဒါဆိုလူတစ်ယောက်က ဘယ်တော့မှ မပြောင်းလဲနိုင်တော့ဘူးလားလို့မေးရင် ပြောင်းလဲနိုင်ပါတယ်။
ဒါပေမဲ့ ဒါဟာသူတစ်ပါးတောင်းဆိုလို့ပြောင်းလဲတာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့အတွင်းစိတ်နဲ့ ရင့်ကျက်လာတဲ့ စိတ်ဓါတ်ကြောင့် ပြောင်းလဲသင့်တာတွေ ပြောင်းလဲသွားတာကမှ ပြောင်းလဲခြင်းအစစ်အမှန်ပါ။ ဒီပြောင်းလဲခြင်းကမှ တန်ဖိုးရှိတဲ့ ပြောင်းလဲခြင်းမျိုးပါ။
ကိုယ်ချစ်တဲ့သူကို ပြောင်းလဲစေချင်ပေမဲ့ ကိုယ်မျှော်မှန်းသလို ဖြစ်မလာခဲ့ရင် ၀မ်းမနည်းပါနဲ့။ တစ်ခါတစ်လေကျရင် သူ့ကိုပြောင်းလဲတာထက် ကိုယ့်ရဲ့အမြင်နဲ့ သူ့အပေါ်ထားတဲ့စိတ်ကလေးတွကို အရင်ပြောင်းလဲကြည့်လိုက်ပါ။ တစ်ချို့သော အသေးအမွှားလေးတွေကို နားလည်မှုတွေနဲ့ ချေဖျတ်ပစ်လိုက်ပါ။
ချစ်တဲ့...မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ
