8/22/2016

သူက မယုံကြည်ရတာလား၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာလား


အချစ်ရေးမှာ သံသယတွေများရင် ဘယ်လိုမှ မသာယာနိုင်ပါဘူး။
တစ်နေ့တစ်နေ့ အချိန်တိုင်းမှာ သူဘာများလုပ်နေမလဲဆိုတဲ့ အတွေးပူတွေရယ် ၊ ကိုယ့်နောက်ကွယ်မှာများ မဟုတ်တာလုပ်နေပြီလားဆိုတဲ့ အတွေးဆိုးတွေရယ်ကြောင့် အတွေးခံရတဲ့သူရော တွေးနေတဲ့သူပါ လောင်မြိုက်ပျက်စီးကြရပါတယ်။

လူနှစ်ဦးနှစ်ယောက် ခင်မင်ပေါင်းသင်းတဲ့အခါမှာပဲဖြစ်ဖြစ် ချစ်ခင်လက်တွဲကြတဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ချလက်ချ ပေါင်းသင်းဆက်ဆံလို့ရတာက နှစ်ယောက်စလုံးအတွက် ကံအကောင်းဆုံးပါပဲ။
ဒါပေမဲ့ ဒီခေတ်ကြီးမှာ ပတ်ဝန်းကျင်က ပြောင်းလဲနေကြတဲ့သူတွေ၊ တခြား စိတ်ဓါတ်ဖေါက်ပြားကြတဲ့သူတွေကို ကြည့်ပြီး ကိုယ့်လူရော ဒီလိုဖြစ်နေမလားလို့ ကြံဖန်တွေးတော ပူပန်တတ်ကြပါတယ်။ ယုံကြည်မှုတွေဟာလည်း ရှားပါးလာကြပါတယ်။

တစ်ချို့ချစ်သူတွေက မယုံကြည်ရသလို ကိုယ့်ကိုစိတ်မချခြင်းများစွာ ၊ ပူပန်ခြင်းများစွာ ပေးစွမ်းနိုင်တာတွေလည်း တကယ်ရှိပါတယ်။
ဒါပေမဲ့ တစ်ချို့ချစ်သူကျတော့ ယုံကြည်ရပေမဲ့ သူ့ချစ်သူကိုယ်တိုင်က စိတ်မချပဲ ပူစရာမရှိ ကြံဖန်ပူပန်တတ်ပါတယ်။ ဒီလိုစုံတွဲမှာကြတော့ ပြဿနာက တစ်ဘက်သူမှာထက် ပူပန်နေသူကိုယ်တိုင်ကိုယ်က မိမိကိုယ်မိမိ ယုံကြည်ချက်မရှိလို့သာ ဒီသောကကို မရရအောင် လည်ပင်းကွင်းစွပ် စလွယ်သိုင်းထားချင်လို့ ဖြစ်နေရတာပါ။
ဒါဟာ ကိုယ့်ကိုယ်ကိုကြိုးကွင်းစွပ်တဲ့အပြင် ကိုယ့်ချစ်သူကိုယ်ပါ ကိုယ်နဲ့အပါ ချောက်ထဲဆွဲချတဲ့ အတွေးမှားမျိုးပါ။

ယုံကြည်မှုနဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ သူတစ်ပါးဆီက အရင်ရယူတာထက် ကိုယ်ကိုယ်တိုင်က အရင်ဆုံးပေးအပ်ရတာမျိုးပါ။
ကိုယ်ကသူ့ကိုယုံကြည်မှ ၊ မေတ္တာပေးမှ သူလည်းအေးချမ်းပြီး ကိုယ့်ဆီကိုတန်ပြန်သက်ရောက်မှုတွေ ဖြစ်ပေါ်လာရတာမျိုးပါ။

တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကင်းမဲ့ပြီး သံသယများလွန်းတဲ့အခါ ဘယ်လောက်ပဲ ယုံကြည်ရတဲ့သူဖြစ်ပါစေ ၊ ဘယ်လိုပဲ ကိုယ့်ပေါ်သစ္စာမပျက်တဲ့သူဖြစ်ပါစေ ၊ ကိုယ့်ပေးတဲသံသယရဲ့တွန်းအားကြောင့် ကိုယ်နဲ့ဝေးရာအဝေးဆုံးကို ရောက်ရှိသွားတတ်ပါတယ်။
လူသားနှစ်ဦးရဲ့ ဆက်ဆံရေးမှာ သတိလေးရှိရင် ရပါပြီ ၊ တခြားသံသယတွေကို ခဏဘေးဖယ်ထားပါ။ တစ်ချိန် နောင်တရတဲ့အခါမှ ပြန်အဖတ်ဆည်မရနိုင်တဲ့ လွဲမှားသံသယတွေကြောင့်ပေါ့လို့ တွေးပြီး စိတ်မဆင်းရဲရပါစေနဲ့

ချစ်တဲ့...မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ