11/06/2017

နှစ်ပေါင်း ၉၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် ပဲခူးငလျင် ပြန်လည်လှုပ်ခတ်ရန် နီးစပ်လာနေပြီး ရန်ကုန်အထူးသတိထားရန်လို


ပဲခူးငလျင်မှာ ၁၉၃၀ ခုနှစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ အချိန်ကာလဖြင့် တွက်ချက်ပါက နှစ်ပေါင်း ၈၇ နှစ် ကြာမြင့်ခဲ့ပြီးဖြစ်သည့်အတွက် ပြန်လည်လှုပ်ခတ်နိုင်ခြေရှိနေခြင်းဖြစ်ကြောင်း သိရသည်။


” လှုပ်မယ်ဆို ပြန်လှုပ်နိုင်သေးတယ်။ လှုပ်ဖို့ရာ အခွင့်အလမ်း အရမ်းများနေပြီ။ ရန်ကုန်လိုဟာမျိုးတွေက သက်ရောက်မှု ရှိလာနိုင်တယ်။ နောက် မြန်မာနိုင်ငံအလယ်ပိုင်းဆိုလည်း ဒီအတိုင်းပဲ။ အမရပူရ၊ အင်းဝငလျင်ဆို ၁၈၃၉ က နောက်ဆုံးလှုပ်ထားတယ်။


နောက်တစ်ကြိမ်က အချိန်မရွေး ပြန်ပြီးဖြစ်နိုင်တယ် ’’ ဟု ၄င်းက ပြောသည်။ ငလျင်လှုပ်ခတ်မှုမှာ အချိန်မရွေးဖြစ်ပွားနိုင်ပြီး ကြိုတင်မှန်းဆနိုင်ရန် မလွယ်သည့်အတွက် ယင်းဒေသနှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ်သတိပြုလုပ်ဆောင်နေသင့်ကြောင်း ဆိုသည်။



” ၂၀၁၂ မတိုင်ခင်က အဆောက်အအုံတွေဆို ငလျင်ဒဏ်ခံနိုင်အောင် ဒီဇိုင်းတွေရေးဆွဲတာ နည်းခဲ့တယ်။ ဒါတောင်မှ တစ်နှစ် နှစ်နှစ်အတွင်းမှာမှ law တွေကော၊ Building Code တွေကော ပေါ်ထွက်လာတဲ့အခါကျမှ နောက်ဆောက်တဲ့ အဆောက်အဦတွေမှာတော့ ငလျင်ဒဏ်ခံနိုင်အောင် အချက်အလက်တွေ ထည့်သွင်းစဉ်းစားပြီးတော့ ဆောက်လုပ်လာကြတယ်လို့ ယူဆတယ်။

ဒါတောင်မှပဲ ရာခိုင်နှုန်းအားဖြင့်ဆို နည်းနေသေးတယ်ပြောလို့ရတယ်။ တွင်တွင်ကျယ်ကျယ်တော့ မရှိသေးဘူး ’’ ဟု ဒေါက်တာမျိုးသန့်က ပြောသည်။ ဒေသတွင်းရှိ လူအများစုမှာ ငလျင်ဘေးအန္တရာယ်ကို ဂရုပြုမူ နည်းနေပြီး ကြိုတင်ကာကွယ်မှုလုပ်ဆောင်ရန် လွန်စွာအားနည်းနေကြောင်း သိရသည်။

” ဒီဘက်မှာ ငလျင်လှုပ်တယ်ဆိုတာ အိမ်လှုပ်သွားတာ၊ ကန်ထဲက ရေတွေလှုပ်သွားတာ။ နည်းနည်း ခေါင်းမူး သွားတာလောက်ပဲရှိတော့ သိပ်မစိုးရိမ်မိဘူး။ ပုဂံမှာ ငလျင်လှုပ်လို့ ဘုရားတွေပျက်စီးတာ ကြားဖူးတယ်။ နောက်မသိတော့ သိပ်မကြောက်ဘူး ’’ ဟု ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သည့် မအေးသီရီက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံငလျင်ကော်မတီအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ပူးပေါင်း၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှု လျော့ချနိုင်ရေးများကို ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။



Akonthi