11/05/2017
“ရန်ကုန်ပုသိမ် အဝေးပြေးလမ်းပေါ်က လူဖန်တီးတဲ့ အန္တရာယ်”
အများထုံးစံအတိုင်း မရှိရှိတဲ့ အားလပ်ရက်လေးကို နောက်ကနေ ကျားလိုက်သလို အပြေးအလွှားနဲ့ ချောင်းသာမှာ အပမ်းသွားဖြေပြီး မနက်ကို အလုပ်ရှိလို့ ညသန်းခေါင်ကြီး ရန်ကုန်ကို ပြန်ဆင်းလာခဲ့ပါတယ်။ အခုပြောမယ့် ဖြစ်စဉ်က ညကမှ ဖြစ်တာပါ။ 3 ရက်နေ့လို့ပြောရင် ညသန်းခေါင်။ ၄ ရက်နေ့ဆို မနက်အစောကြီးပေါ့။ အသွားတုန်းကလည်း ညသန်းခေါင်ကြီး သွားတာပဲ ဘာမှ မဖြစ်ဘူး။
အပြန်မှာတော့ တော်တော်ကိုဆိုးရွားပြီး အသက်အန္တရာယ်ပါ ထိခိုက်စေလောက်တဲ့ အဖြစ်အပျက်မျိုးနဲ့ ကြုံခဲ့ရပါတယ်။ ဖြစ်တဲ့နေရာကို google map မှာ ss ရိုက်ပြီး တင်ပေးထားပါတယ်။ ပုံတွေကို တပုံချင်းစီ ထောက်ကြည့်နိုင်ပါတယ်။
ကိုယ့်ကားထိုးကျသွားတာကို ကူညီပေးဖို့ လုပ်နေတဲ့ ခရီးသွားတွေ
ဖြစ်စဉ်က ပုသိမ်ဖက်ကနေ ရန်ကုန်ကို အဆင်း ကျောင်းကုန်းမြို့နား ရောက်ခါနီးမှာ ဖြစ်တာပါ။ ကျွန်တော်က အခင်းဖြစ်တဲ့ နေရာနား မရောက်ခင် ဒိုင်နာနဲ့ လိုက်ထရပ်ကား စုစုပေါင်း ၃ စီးလောက်ကို မီးတောင်းပြီး ကျော်တက်လာခဲ့ပါတယ်။
မောင်းလာရင်းနဲ့ လမ်းဘေးမှာ တဲအိမ်တန်းလေးတွေကို တွေ့ရပြီး လူတယောက်က လမ်းဘေးကနေ လမ်းပေါ်နားထိ တက်လာပြီး ကားကိုလှမ်းတားပါတယ်။ သူတားတာကို မရပ်ပေးပဲ ဆက်သွားတာမှာ ရန်ကုန်လိုဆို ဓာတ်တိုင် ၁ တိုင်ကျော်လောက်အကွာမှာပဲ လမ်းပေါ်မှာ ဘွားကနဲ မဲမဲပြောင်ပြောင်ကြီးတွေ တွေ့လိုက်တော့ ရုတ်တရက် အရှိန်ကို လျှော့ချလိုက်ပေမယ့် ဖြတ်နင်းမိသွားပါတယ်။
နောက်တော့ ချက်ချင်းပဲ ပုံမှာ မြင်ရတဲ့အတိုင်း ရှေ့မှာ တလမ်းလုံးအပြည့် သဲအိတ်တွေ ကာထားတာ ထပ်တွေ့ရပါတယ်။ ပိုကြောက်ဖို့ကောင်းတာက အဲ့ဒီသဲအိတ်(သို့)ဖွဲအိတ်တွေရဲ့ အလွန်မှာ အိမ်ဆောက်တဲ့အခါသုံးတဲ့ အုတ်ဖိနပ်ကွန်ကရစ်တုံးတွေနဲ့ တလမ်းလုံးကို ထပ်ကာထားပါတယ်။ အဲ့ဒါတွေက အုတ်ဖိနပ်တွေမှန်း နောက်မှ သိရတာပါ ပထမတော့ အိတ်ဖြူဖြူတွေနောက်မှာ မဲမဲအတုံးကြီးတွေ ဘာတွေလဲ မသိဘူးပဲထင်တာ။
တိုက်ခဲ့တဲ့ မိုင်တိုင်၊ ရဲအပြောကတော့ မိုင်တိုင်မဟုတ်ဘူး ဖုန်းလိုင်းက တိုင်တွေတဲ့။
ကိုယ့်အရှိန်ကလည်း ၇၀ နဲ့ ၈၀ ကြားကို ပုံမှန်မောင်းလာပေမယ့် ရှေ့ရောက်မှ ဘွားကနဲပေါ်လာတဲ့ အရာတွေအပေါ် ဝင်မတိုက်ရဲတော့ ကိုယ်လည်း ဒက်စတော့အုပ်ပြီး လမ်းဘေးဆွဲချလိုက်တာ။ ကိုယ့်ကားမှာလည်း ABS ပါပေမယ့် လမ်းကလှိုင်းထနေတဲ့ လမ်းမျိုးလည်းဖြစ်နေပြန်တာအပြင် ပလတ်စတစ်ပြားကြီးပေါ်မှာလည်း ဘရိတ်နင်းမိလျက်သားလည်း ဖြစ်သွားတော့ ကားက လမ်းဘေးကို ဒီတိုင်းမဆင်းပဲ ကိုယ်စတီယာရင်ယူမိတဲ့ဖက်ကို စလစ်ဖြစ်ပြီး လမ်းဘေးကို ဒွစ်ဆွဲသလိုပုံစံနဲ့ ဘေးတိုက်ကြီး ထိုးကျသွားတော့တာပါပဲ။
ဘရိတ်ကြောင့် ပထမ အရှိန်တုန့်သွားတာရယ် ဒုတိယ မိုင်တိုင်ကို တိုက်တယ် တတိယ မြက်ပင်ရှည်တွေလား ကိုင်းပင်တွေလား အဲ့ဒီအပင်တွေရဲ့ အတားအဆီးတွေကြောင့်လားတော့မသိဘူး အရှိန်ကုန်ပြီး ချိုင့်ကြီးထဲကျဖို့ နည်းနည်းအလိုမှာ ရပ်သွားတယ်။ ကိုယ်ကလည်း ရှေ့မှာ ချောက်လိုမျိုး ချိုင့်ကြီးရှိမှန်းမသိသလို မြင်လည်း မမြင်ရပါဘူး။ အပင်တွေကာနေလို့။ ကူညီတဲ့လူတွေရောက်လာမှ သူတို့သွားကြည့်လို့ သိရတာ။
အဲ့ဒီနေရာက လမ်းအတော်ကျဉ်းတဲ့အပြင် ကိုယ့်မှာလည်း အခုလို ရုတ်တရက်ကြုံရတဲ့ အဖြစ်အပျက်မှာ ကိုယ်မောင်းလာတဲ့ အရှိန်နဲ့က ရုတ်တရက် ဘရိတ်အုပ်ပြီး တဲအိမ်လေးတွေရဲ့ ဆန့်ကျင်ဘက် လမ်းရဲ့တခြားဖက်ခြမ်း လမ်းပြောင်းပြန်ကို ဆွဲချလိုက်ရုံကလွဲပြီး ရွေးစရာမရှိဘူးလေ။ ဘွားကနဲပေါ်လာတဲ့ အဲ့အိတ်တွေနဲ့ တုံးကြီးတွေကို ဝင်တိုက်ရင် မှောက်ချင်မှောက် မဟုတ်ရင် ဂျွမ်းပြန်ပြီး ရုပ်ရှင်ထဲကလို အလွတ်ကြီး မာကလီးယားသွားနိုင်တာကိုး။
လမ်းပေါ်က ပလတ်စတစ်အပြားကြီးတွေ
ပထမတော့ လမ်းဘေးကျကျချင်း ကားပေါ်က မဆင်းသေးပဲ ဘက်ဂီယာနဲ့ ၂ ချက် ၃ ချက် ရုန်းကြည့်သေးတယ်။ မြက်တွေနဲ့ ချောနေတော့ တချက်မှ မရွေ့ဘူး။ အဲ့ဒါနဲ့ ကိုယ်လည်း ကားပေါ်မှာ ဖီးလ်ယူမနေတော့ဘူး ချက်ချင်းဆင်း လော့ချပြီး ခုနကလူဆီပြေးသွားတာ မရှိတော့ဘူးဗျာ။
ချက်ချင်းပျောက်သွားတာ။ လှမ်းအော်ခေါ်တာလည်း ထွက်မလာဘူး။ အဲ့ဒီနားမှာ မြေလမ်းလေးတခုရှိတာတော့ သတိထားမိတယ်။ ရှေ့ကရော အနားကရော အိမ်ထဲက လူတွေကလည်း ခေါင်းလေးတွေပဲ ထွက်ပြီးကြည့်နေကြတယ်။ ဘယ်သူမှ အိမ်ပြင်ထွက်မလာကြဘူး။
အဲ့ဒီမှာ ကိုယ်ပဲ အစိုးရိမ်လွန်တာလားတော့ မသိဘူး။ လူငယ်တွေ ဆင်ခြင်ဥာဏ်မဲ့ ရိုးရိုးတန်းတန်း နောက်ပြောင်တာမဟုတ်ပဲ သာမန်ထက်ပိုတဲ့ အခြေအနေဖြစ်ပြီး မရိုးတော့ဘူးလို့ ခံစားလာရတာနဲ့ ချက်ချင်းကားဆီပြန်လာတော့ နောက်ကနေ ခုနက မတွေ့မိတဲ့ ဆိုင်ကယ် ၂ စီးနဲ့ လူ ၃ ယောက် ဘယ်ကရောက်လာတယ်မသိဘူး ကိုယ်နဲ့ ကားကို သေချာကြည့်ပြီး ပုံမှန်အရှိန်နဲ့ ဆက်မောင်းသွားတယ်။ ခုနက မြေလမ်းထဲကထွက်လာတယ်ထင်တာပဲ။
အဲ့ဒီအချိန်မှာပဲ ခုနက အခင်းမဖြစ်ခင်လေးတင် ကိုယ်ကျော်တက်လာခဲ့တဲ့ ကားတွေကိုလည်း လှမ်းမြင်နေရပြီလေ။ ကိုယ်လည်း ကားပေါ်က အမြန်ပြန်ဆင်းပြီး အဲ့ကားတွေကို ကိုယ်တားတော့ သူတို့ကလည်း အရှိန်မလျှော့ဘူးဗျ။ အဲ့ဒါနဲ့ ရှေ့ကိုပြေး လမ်းပေါ်တက် ရှေ့ကိုလက်ညှိုးထိုးပြ ခြေကားယား လက်ကားယား လုပ်တော့မှ ရပ်သွားတယ်။ စုစုပေါင်း ၃ စီး။
အဲ့ဒါတွေကို သူတို့လည်း မြင်တော့မှ ဒေါသတွေထွက် ပြီးတော့ လူတွေ အကုန်ဆင်းလာပြီး ကျွန်တော့်ကားကို အပေါ်ပြန်ရောက်အောင် မြက်တွေခြုံတွေကြားထဲထိ ဝင်ပြီး တွန်းပေးကြ ကိုယ်ကလည်း ရှေ့တိုးနောက်ဆုတ် လွန်းထိုးပြီးရုန်းနဲ့ လမ်းပေါ်ပြန်ရောက်သွားတယ်။
လမ်းဘေးရောက်သွားတဲ့ လမ်းပေါ်မှာ ခင်းထားခဲ့တဲ့ ပလတ်စတစ်ပြား
ကူညီစရာရှိတာ ကူညီတဲ့လူက ကူညီနေတယ် လမ်းပေါ်က အတားအဆီးတွေကို ရှင်းတဲ့လူကရှင်းနဲ့ တပြိုင်တည်း လုပ်နေကြတာဆိုတော့ ပုံတွေကတော့ အားလုံးကို နဂိုအရှိအတိုင်း အပြည့်အစုံ သေချာမရပေမယ့် ရသလောက် ရိုက်လာခဲ့တဲ့ ပုံတွေအရတော့ သူတို့ဖန်တီးထားတဲ့ အခြေအနေကို ပုံဖော်လို့ ရအောင် တော်တော်လေး ပြည့်စုံတယ်လို့ ထင်ပါတယ်။ လမ်းပေါ်မှာ တင်ထားတဲ့ အုတ်ဖိနပ်တွေကိုတော့ သူတို့တွေ ဘေးချပြီးမှ ရိုက်လိုက်ရပါတယ်။
အဲ့ဒီမှာ ကိုယ့်ကား လမ်းပေါ်ရောက်မှ လူတယောက်ရောက်လာပြီး ညီလေးကားမောင်းလို့ရလား။ ရရင် မြန်မြန်သွားတော့ ရဲတွေဘာတွေရောက်လာရင် အကုန်ရှုပ်ကုန်မယ်ဆိုပဲ။ ကိုယ်ကလည်း အဲ့ဒီအချိန်မှာ အားကိုးတကြီးနဲ့ ကားပေါ်တက်ပြီး 199 ကို ဖုန်းဆက်ပါတယ်။ ခေါ်မရပါ။ ဖုန်းခေါ်ထားတဲ့ ထားတဲ့ ss ကိုလည်း တခါတည်း တွဲတင်ထားပါတယ်။ ရှုစားကြပါကုန်။
အခင်းဖြစ်ပွားရာနေရာ
လိုင်းမိသော်လည်း ဖုန်းမဝင်သည့် 199 သို့ ခေါ်ဆိုခဲ့သည့် မှတ်တမ်း
အဲ့ဒီ ကိုယ်အခင်းဖြစ်တဲ့ အရှေ့အိမ်က အဒေါ်ကြီးကို ဒါဘာရွာလဲ မေးတော့ ကုန်းစုလေးရွာလို့ အိမ်ထဲက လှမ်းအော်ပြီး ဖြေပါတယ်။ ခုနက လာပြောတဲ့ တယောက်က ၁၀ အိမ်မှုးလို့ပါ တခါတည်း အိမ်ထဲက လှမ်းအော်ပြောပါတယ်။
ကိုယ်ကလည်း မကျေနပ်တော့ ကျောင်းကုန်းမြို့ရောက်တာနဲ့ ရဲစခန်းရှာပြီး သွားတိုင်ပါတယ်။ အဲ့ဒါနဲ့ အဲ့ဒီရွာရှေ့မှာဖြစ်တာ ဘာညာဆိုတော့ အဲ့ဒီနာမည်နဲ့ရွာ ဒီတဝိုက်မှာ မရှိပါဘူးတဲ့။ အဲ့ဒါနဲ့ နေရာကို map တွေဖွင့်ပြ။ ပုံတွေ သူတို့ကို ပေးနဲ့ သေချာညွှန်ပြခဲ့ပါတယ်။ ကိုယ်ကလည်း မနက်ကို ရန်ကုန်အရောက် အလုပ်ကိစ္စရှိလို့ ပြန်လာတာမို့ သူတို့ကို ကိုယ်တိုင်လိုက်မပြဖြစ်ပါဘူး။ အမှန်က လိုက်ပြချင်တာ။
199 ကို ဖုန်းခေါ်မရပေမယ့် ကျောင်းကုန်းရဲစခန်းက တာဝန်ရှိသူတွေ ဖြေကြားပုံကတော့ အခုလို ဖြစ်စဉ်မျိုးဟာ မသိအောင်လုပ်တာတွေ ဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ သိရဖို့လည်း မသေချာသလို သူတို့လည်း ဖော်ထုတ်ဖို့ ခက်ခဲနိုင်ပါတယ်တဲ့။ သူတို့လည်း ဘယ်သူလုပ်တယ် လိုက်စုံစမ်းရမှာပဲတဲ့။ ဒါပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးပါ့မယ်တဲ့။ အင်းပေါ့လေ အဲ့ဒါပဲ အားကိုးရမှာပေါ့။
အဲ့ဒီ အိတ် ၄ လုံးဆိုရင် တလမ်းလုံးပြည့်တယ်။ ဘယ် ၂ လုံး ညာ ၂ လုံး ဆွဲချထားတာ။
သို့သော်လည်း စိတ်ကျေနပ်ဖို့ကောင်းတာကတော့ ချက်ချင်းပဲ မှတ်တမ်းအပြည့်အစုံယူပြီး နောက်ကားတွေ အခုလို မဖြစ်ရအောင် ကျွန်တော်တို့ သွားရောက်စစ်ဆေးလိုက်ပါ့မယ်ဆိုပြီး ဝတ်စုံပြည့်ဝတ်ပြီး ဆိုင်ကယ်တစီးနဲ့ ထွက်သွားတာပဲ။ အဲ့ဒါနဲ့ ကိုယ်လည်းပြန်လာတာပေါ့။
ပန်းတနော်လောက်အရောက်မှာ ခုနက ရဲဆီက ဖုန်းဝင်လာပါတယ်။ ညီလေးပြောတဲ့ အုတ်ဖိနပ်တွေလည်း မတွေ့ဘူး တိုက်မိထားတဲ့ မိုင်တိုင်အကျိုးရော ပုံထဲမှာပါတဲ့ အိတ်တွေက အစ ဘာမှကို မတွေ့တော့ဘူးတဲ့။ ညီလေးတို့ဖြစ်တဲ့တိုင်က 4 ဆိုရင် အကိုတို့ သွားတာ 100 တောင်ကျော်ပြီ ဘာမှ မတွေ့ရဘူးဆိုလို့ ဖုန်းထဲကနေ သေချာပြန်ညွှန်ပြရတယ်။
လမ်းပေါ်မှာ အိတ်တွေအနောက် ခပ်လှမ်းလှမ်းမှာ လမ်းပိတ်ပြီး ထောင်ထားတဲ့ အုတ်ဖိနပ်တွေကို ကူညီခဲ့တဲ့ ခရီးသွားတွေ လမ်းဘေး ဆွဲချထားတာ။
ရုတ်တရက်ကြီး သက်သေခံပစ္စည်းတွေက လက်စလက်နပျောက်ကုန်တာရယ် အခင်းဖြစ်တော့ အိမ်တွေထဲက ဘယ်သူမှ ထွက်မလာပဲ ခေါင်းလေးတွေပဲ ပြူကြည့်နေကြတာရယ် ရဲတွေရောက်လာရင် ရှုပ်ကုန်မယ် ညီလေးမြန်မြန်သွားတော့လို့ လာပြောတဲ့ စကားရယ် ကိုယ်ကားဆီပြန်သွားပြီး ကားပေါ်ရောက်မှ ပေါ်လာပြီး ကိုယ့်ကားကို သေချာကြည့်သွားတဲ့ ဆိုင်ကယ်ပေါ်က လူ ၃ ယောက်ရယ်(အဲ့ဒီအချိန် နောက်မှာ ကားမီးရောင်တွေ မြင်နေရလို့ ကားပေါ်က ပြန်ဆင်းဖို့လုပ်တဲ့အချိန်မှာ သူတို့ကို မြင်လိုက်ရတာ) အဲ့ဒါတွေ အကုန်ပေါင်းရင် အခုဟာက လူငယ်တွေ မဆင်မခြင် စနောက်ပြီး လုပ်ထားတဲ့ ဖျက်စီးနှောင့်ယှက်လိုခြင်း သက်သက်ရောဟုတ်ရဲ့လားလို့တော့ ကျွန်တော့်ကို တွေးမိစေတာပါပဲ။
အခုလို သူခိုးကြီးညဆိုပြီး မဟုတ်တာလုပ်ကြဖို့ အပျော်ထက် အပျက်ကို ဦးတည်လာကြတဲ့ ရက်မျိုးနဲ့ ခေတ်ကာလမျိုးမှာ ခါတိုင်းထက် အနှောင့်အယှက်အန္တရာယ်ပိုများနိုင်တာကြောင့် အားလုံးပဲ ဘယ်လမ်းဘယ်ကိုသွားသွား ဂရုတစိုက်နဲ့ သတိချပ်ပြီးသွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ ခရီးသွားပြည်သူအပေါင်း ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ တောင်းဆုမေတ္တာပို့သရင်း။
Nyan Lin Tun