အငှားယာဉ်မောင်း ဦးနေ၀င်းကို သေနတ်နဲ့ပစ်ခဲ့တာက ကျည်မတော်တဆ ထွက်သွားတာဖြစ်တယ်လို့ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ ကြည်လင်းက တတိယမြောက်ရုံးချိန်း တရားခွင်မှာ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဦးကိုနီလုပ်ကြံခံရတဲ့ အမှုမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ပတ်သက်တဲ့ တရားလို ရဲအုပ်မိုးနိုင်ကို မတ်လ ၃၁ ရက်က စစ်ဆေးတုန်းမှာ ကြည်လင်းရဲ့ရှေ့ နေ ဦးကျော်ကျော်ထိုက်က ကြည်လင်းကို ပြောစရာရှိသလားလို့ မေးခဲ့ရာမှာ ကြည်လင်းက အငှားယာဉ်မောင်းဦးနေ၀င်းကို သေနတ်နဲ့ပစ်မိတာက မတော်တဆဖြစ်တယ်လို့ တရားသူကြီးတွေရှေ့မှာ ထွက်ဆိုခဲ့တာပါ။
ဦးကိုနီကိုသေနတ်နဲ့ပစ်ကာ ထွက်ပြေးခဲ့တဲ့နောက် လမ်းမပေါ်မှာ လက်နက်ချအဖမ်းခံခဲ့ပေမယ့် လူအများက ၀ိုင်းဝန်းထိုးကြိတ်ခဲ့တာကြောင့် ကျည်ထွက်သွားခဲ့တာလို့ ကြည်လင်းက ပြောခဲ့တာပါ။
‘‘ကျွန်တော့်အနားလူ ငါးယောက်၊ ခြောက်ယောက်က အနားရောက်လာပြီး ၀ိုင်းထိုး ၀ိုင်းကြိတ်ဖြစ်လို့ သေနတ်က ဒိုး၊ဒေါက် ဆိုကျည်ထွက်သွားတာ’’လို့ ပြောခဲ့ပြီး ဆက်လက်ပြေးပြီး နောက်တစ်ခေါက် လက်နက်ချတဲ့အချိန်မှာ လူတွေက ၀ိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခံခဲ့တာလို့ ဆိုပါတယ်။
ကြည်လင်းရဲ့ပြောကြားချက်ကို ကိုးကားပြီး ဦးကျော်ကျော်ထိုက်က ကြည်လင်းက ဦးကိုနီကိုပစ်ခတ်ပြီး လမ်းမပေါ်ထွက်ပြေးတာကနေ လူအများကို ထိခိုက်မိမှာစိုးလို့ နှစ်ကြိမ်တိုင် ဒူးထောက်လက်နက်ချခဲ့တယ်လို့ လျှောက်လှဲခဲ့ပေမယ့် တရားလိုရဲအုပ်မိုးနိုင်က မမှန်ကြောင်းတရားခွင်မှာ ပြန်လည် ချေပခဲ့ပါတယ်။
ရဲအုပ်မိုးနိုင်ကို တရားလိုအဖြစ်စစ်ဆေးပြီး စီစီတီဗီမှတ်တမ်းအပါအ၀င် သက်သေအထောက်အထားကိုပါ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အောင်ဝင်းဇော်ရဲ့ ရှေ့နေဦးအောင်ခိုင်၊ ဇေယျာဖြိုးရဲ့ ရှေ့နေ ဒေါ်ပပ၀င်းတို့က တရားလိုကို မေးခွန်းမေးမြန်းခဲ့ပြီး စတုတ္ထအကြိမ် ရုံးချိန်းကို ဧပြီ ၇ ရက်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
Source & Photos : 7DayDaily,rfa
