4/01/2017

သားဖြစ်သူက သစ်သားတုတ်ဖြင့် ရိုက်၍ ဖခင်ဖြစ်သူ သေဆုံး


01-Apr-2017
ကျိုင်းတုံ၊ ဧပြီ ၁
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဧဒင်ကျေးရွာတွင် မတ်လ ၃၁ ရက် ညနေ ၅ နာရီခန့်က ဖခင်ဖြစ်သူကို သားဖြစ်သူက သစ်သားတုတ်ဖြင့် ရိုက်ခဲ့၍ သေဆုံးသွားခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

ဧဒင်ကျေးရွာတွင် အသက် ၇၀ အရွယ် ဖခင်ဖြစ်သူနှင့် ၂၇ နှစ်အရွယ် သားဖြစ်သူတို့ နေအိမ်သက်ကယ်မိုးသည့် ကိစ္စနှင့် ပတ်သက်ပြီး စကားများရာမှ သားဖြစ်သူက အရှည်ငါးပေခန့်ရှိ သစ်သားချောင်းဖြင့် ဦးခေါင်းကို တစ်ချက်ရိုက်ခဲ့သည့်အတွက် ဒဏ်ရာရရှိသွားသည့် ဖခင်ဖြစ်သူကို ထိုင်းနိုင်ငံဆေးရုံ၌ ဆေးကုသပေးနေစဉ် ယနေ့ (ဧပြီ ၁ ရက်) နံနက် ၂ နာရီခန့်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တာချီလိတ် နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၂၇ နှစ်အရွယ် အားဂျွေ့ကို (ပ) ၆၈/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၂၅ အရ အမှုဖွင့် အရေးယူထားပြီးရာမှ ဒဏ်ရာရရှိသူ သေဆုံးသွားခဲ့၍ လူသတ်မှုပုဒ်မ ၃၀၂ အရ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Voice