လေးစားရပါသောဆရာရှင့် သမီးအသက် ၃၂ ထဲမှာပါ။ သားလေးကို ၇-၅-၂ဝ၁၆ မှာ ရိုးရိုးမွေးပါတယ်ရှင်။ ခုချိန်ထိ ရာသီမလာသေးပါဘူး ရက် ၁၂ဝ ပြည့်တော့မယ်ဆရာ။ သားလေးကို နို့တိုက်နေပါတယ် လက်မောင်းထဲ သားအိမ်ထဲလဲ မထည့်ရဲလို့ပါဆရာ။ ဘာတားဆေး စားသင့်သလဲဆိုတာ လမ်းညွှန်ပေးပါရှင်။ နောက်ပြီး ရာသီမလာသေးတာ စိုးရိမ်ရလား သိပါရစေရှင့်။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ရိုသေလေးစားစွာဖြင့် -
ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ အများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံးသောက်ရတဲ့ဆေးမျိုး။ ဟော်မုန်းတွေဆိုတာ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေဖြစ်တယ်။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ (အီစထိုဂျင်) က နို့ထွက်နည်းစေမယ်။
ကလေးနို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားနည်းများ
၁။ Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
၂။ Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဆေးကိုနေ့တိုင်းမှန်မှန်နဲ့ အချိန်လဲ မှန်မှန်သောက်ဘို့ သတိကြီးရမယ်။ ဆေးနာမည်တွေက Exluton, Micronor, Nor-QD နဲ့ Ovrette တွေဖြစ်တယ်။
၃။ Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant and Jadelle (Norplant II), Implanon, Sino-implant (II) (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။
၎။ Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။ Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။ ထိရောက်မှု % ကတော့ ကျန်နည်းတွေထက်နည်းတယ်။
၅။ Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
၆။ Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။
Vaginal rings သန္ဓေတား သားရေကွင်း ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။ Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။
ကိုယ်ဝန်ဆောင်တာ ၁၆ ပတ်ရှိရင် နို့တွေကနေ နို့ရည်ထွက်နိုင်ခြေရှိလာပြီ။ အရွယ်အစား ကြီးထွားလာလို့ပါ။ ဒါပေမဲ့ အချင်းကနေ ထုတ်ပေးနေတဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော်မုန်းတွေကြောင့် နို့ထွက်အောင်လုပ်ပေးသေးပါ။ ဦးနောက်မှာရှိတဲ့ (ပစ်ကျူထရီ ဂလင်း) ကနေ နို့ထွက်ဟော်မုန်းကို တားထားသေးတယ်။ အချင်းကျတာနဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေ နည်းလာပြီး ပြောခဲ့တဲ့ နို့ထွက်ဟော်မုန်း (ပရိုလက်တင်) ထွက်လာပြီး နို့တွေကနေ နို့ရည်တွေ ထွက်တော့မယ်။ တခုရှိပြန်တာက ကလေးကို နို့မတိုက်ရင်တော့ အဲလို မဖြစ်တော့ ပြန်ဘူး။ ကလေးက နို့ကို စို့ (စုပ်) တာကနေ နိုးဆွပေးတဲ့သဘော သက်ရောက်တယ်။
ကလေးမီးဖွါးပြီး ရာသီပြန်လာတာ မတူကြပါ။ ကလေး တလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေးနို့ဖြတ်ပြီးရင် ကြိုက်တဲ့နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာသုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။ ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာ များတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။
Dr. တင့်ဆွေ
