8/15/2016

ကိုယ့်ကို ဒုက္ခအပေးနိုင်ဆုံးက ကိုယ်ကိုယ်တိုင်ပါပဲ


ကိုယ့်ကို ဒုက္ခအပေးနိုင်ဆုံးက ကိုယ်ကိုယ်တိုင်ပါပဲ

ခံစားကြေကွဲနေရချိန်မှာ သူကိုယ့်ကို ထိခိုက်စေတယ်၊ မျက်ရည်ကျစေတယ်ဆိုပြီး လက်ညှိုးထိုးနေပေမဲ့
သူကိုယ့်ကိုထိခိုက်ဖို့၊ မျက်ရည်ကျအောင် လုပ်နိုင်ဖို့ တကယ်တမ်း အခွင့်ရေးတွေပေးနေတာက ဘယ်သူလဲလို့ ကိုယ့်အပြစ်ကိုယ်မမြင်မိကြပါဘူး။

လူတစ်ယောက်ကို ချစ်သွားပြီဆိုတာနဲ့ လူတော်တော်များများဟာ ကိုယ့်ကိုယ်ကိုချစ်ဖို့ မေ့လျော့သွားကြပါတယ်။ သူဟာ ကိုယ့်ဘ၀ရဲ့ ၁၀၀% လို့သတ်မှတ်ထားလိုက်ကြပါတယ်။ ၂၄နာရီလုံးလုံး သူ့ပုံရိပ်တွေသာ စိုးမိုးနေတတ်ကြပါတယ်။ ဒီလိုချိန်မှာ ကိုယ့်အတွက်ဆိုတာသိပ်မရှိတော့ပဲ သူ့အတွက်ချည်းစဉ်းစားနေတဲ့အတွက် ထိုသူရဲ့ အသေးအမွှားလေးတွေဟာလည်း ကိုယ့်အတွက် တစ်ကမ္ဘာကြီးဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ထိုသူရဲ့ လက်ညှိုးလေးနဲ့တစ်ချက်တောက်စာရှိတဲ့ အပြုမူလေးတွေဟာ ကိုယ့်အတွက်တော့ ပုဆိန်နဲ့ပါက်သလိုနာကျင်ခံစားရပါတယ်။

ဒါတွေအားလုံးဟာ ကိုယ်ကလိုက်လံခံစားပြီး စိတ်မထားတတ်လို့ ဖြစ်ရတာချည်းပါပဲ။
ကိုယ်ရရှိလိုက်တဲ့ ဒဏ်ရာတွေ ၊ စိတ်ခံစားချက်တွေဟာ သူကဖြည်းဖြည်းချင်းဆီ နည်းနည်းလေးပေးလိုက်ပေမဲ့ ကိုယ့်အတွက်ကတော့အ အရှိန်အဟုန်နဲ့လိုက်ပါခံစား ကြေကွဲနေရတာကိုက ကိုယ်တအားစိတ်နှစ်ထားလိုက်လို့ပါ။ သူ့အတွက်ကိုယ်ကသေးသေးလေး ဖြစ်နေပေမဲ့ သူကတော့ကိုယ့်အတွက် မိုးလောက်ကြီးဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ချစ်တယ်ပြောပြော လူတိုင်းဟာ ကိုယ့်ကိုယ်ကိုလောက် ဘယ်သူ့ကိုမှ ပိုမချစ်ကြပါဘူး။

ချစ်ခြင်းကလွဲပြီး တခြားသူပေးတဲ့အရာတွေကို ကိုယ်မယူဘူးဆိုရင် ကိုယ့်ကိုလည်းထိခိုက်လာစရာမရှိပါဘူး။ ကိုယ်ခွင့်မပြုရင် သူ့မှာချစ်ခွင့်တောင်မရှိသလို ကိုယ့်အနားကိုရောက်လာခွင့်မပေးရင် ကိုယ့်ကိုထိခိုက်ခွင့်လည်း သူ့မှမရှိနိုင်ပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်ပဲကြိုးဆွဲနိုင်ပါတယ်။ ရီအောင်လုပ်ခွင့်ရှိတာကလည်း ကိုယ်ကိုယ်တိုင်ဖြစ်သလို ငိုအောင်လုပ်နိုင်တာကလည်း ကိုယ်ကိုယ်တိုင်ပါပဲ။ ရီအောင်ငိုအောင် ခံစားတွေးတော့ဖို့ပဲလည်း ကိုယ်ကိုယ်တိုင်ပါပဲ။

ရွေးချယ်ခွင့်တွေရှိရက်နဲ့ ခံစားရဖို့လမ်းကြောင်းကိုမှ ရွေးလျှောက်ခဲ့ရင် သူများကြောင့်လို့ အပြစ်မတင်ပါနဲ့။ သူများခြေဖ၀ါးအောက်ထဲ ၀ပ်ဆင်းပြီးမှ သူခြေထောက်နဲ့နင်းတာနာလိုက်တာလို့ အပြစ်မတင်ပါနဲ့။
နာတယ်ထင်ရင် အချိန်မရွေးပြန်ထပြီး ကိုယ့်ရဲ့မူလနေရာကို ပြန်သွားလို့ရတယ်ဆိုတာ မမေ့ပါနဲ့။

ချစ်တဲ့...မနုဿ
Credit :မနုဿ ရဲ့ စာမျက်နှာလေးများ