8/05/2016

သင်က မိသားစုထဲမှာ အငယ်ဆုံးကလေးလား



သင်က မိသားစုထဲမှာ အငယ်ဆုံးကလေးဆိုရင် လက်မထောင်ပြီး ဂုဏ်ယူလိုက်ပါ။ သင်က သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ အလားအလာအလွန်များတဲ့သူ ဖြစ်ပါတယ်လို့ သုတေသနတွေ့ရှိမှု တစ်ခုက ဆိုလိုက်ပါပြီ။
အကြီးဆုံး သားသမီးတွေက ပိုပြီးဥာဏ်ကောင်းတယ်ဆိုတာ မှန်ပေမဲ့ အငယ်ဆုံး သားသမီးတွေက အောင်မြင်ကျော်ကြားတဲ့ သူဌေးတစ်ယောက်ဖြစ်ဖို့ အလွယ်ကူဆုံးပါလို့  the Sunday Times ရဲ့ စိတ်ဝင်စား စရာ သုတေသသနတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

မိသားစုတစ်စုထဲက အငယ်ဆုံးကလေးတွေက အသက်မွေးဝမ်းကျောင်းလုပ်တဲ့အခါမှာ တွန့်ဆုတ်တွေဝေတာမျိုး မရှိတတ်ဘဲ လုပ်ငန်းတွေကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် စွန့်စားလုပ်လိုစိတ်နဲ့ လုပ်တတ်တဲ့အတွက် အောင်မြင်တဲ့သူတစ်ဦးဖြစ်လာပြီး သန်းကြွယ်သူဌေးအထိ ဖြစ်လာတတ်ကြပါတယ်။ သုတေသီတွေက ဒါကဘာကြောင့် ဖြစ်ရသလဲဆိုရင် အငယ်ဆုံးကလေးတွေရဲ့ သဘာဝဖြစ်တဲ့ တွန်းလှန်ပုန်ကန်လိုစိတ်ကြောင့်ဖြစ်ရတယ်လို့ ဆိုပါတယ်။ အငယ်ဆုံး သားသမီးတွေက မိဘများရဲ့ ချစ်ခြင်းအပြင် အလိုလိုက်ခြင်းတွေပါ ရရှိကြတဲ့အတွက် ကျန်သားသမီးတွေထက် အနည်းငယ် ပိုဆိုးတာက အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတဲ့အတွက် အရာရာကို ထိန်းချုပ်စရာလို့မမြင်ဘဲ လွတ်လပ်စွာ ကြီးပြင်းလာရကြောင့် လုပ်ငန်းတစ်ခုလုပ်ရာမှာ အမြစ်တွယ်နေတဲ့ အကျင့်အတိုင်း ဆောင်ရွက်ရင်း ကြီးပွားတိုးတက်တာ မြန်လာရခြင်းလည်း ဖြစ်ပါတယ်။

လေ့လာမှုအရ အငယ်ဆုံး သားသမီးတွေက သူများရဲ့ ဝန်ထမ်းအဖြစ်ထက် ကိုယ်ပိုင်လုပ်ငန်းကို ပိုပြီးလုပ်တတ်ကြပါတယ်။ လုပ်ငန်းကြီးတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်မယ့်အစား ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုရဲ့ ပိုင်ရှင်အဖြစ်လုပ်လိုတဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ ကိုယ်တိုင်စွန့်စားပြီး အောင်မြင်အောင် ကြံစည်လုပ်ဆောင်ပြီး ကြီးပွားချမ်းသာအောင် လုပ်တတ်ကြသူများဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

ဒီလေ့လာမှုက ဦးနှောက်ကို အထူးပြုလေ့လာတာမဟုတ်ပေမဲ့ အကြီးဆုံးသားသမီးတွေက မောင်နှမတွေထဲမှာ ဥာဏ်အကောင်းဆုံး ဖြစ်တာကို တွေ့ရှိရပါတယ်။ တာဝန်ယူမှုရှိတဲ့သူတွေလည်း ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ အောင်မြင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က ဥာဏ်ကောင်းပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်တယ်ဆိုတဲ့နည်းလမ်းထက် စွန့်စားလိုစိတ်၊ နည်းဟောင်းတွေကို တွန်းလှန်ပြီး နည်းသစ်တွေကို တီထွင်တတ်ခြင်းဆိုတဲ့ နည်းလမ်းနဲ့သွားရင် ပိုပြီးမြန်မြန်ရောက်နိုင်တဲ့အတွက် တော်လှန်လိုစိတ်ပြင်းတဲ့ အငယ်ဆုံးသားသမီးတွေက သန်းကြွယ်သူဌေးပိုပြီးဖြစ်နိုင်တဲ့အကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

Credit :Trend Myanmar