7/31/2016

ဘယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ့်အတွက် ဘယ်လောက်ပဲ တဒင်္ဂအဆင်ပြေနေပါစေ ၊ ရေရှည်အတွက်အကျိုးမရှိဘူး


ဘယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ့်အတွက် ဘယ်လောက်ပဲ တဒင်္ဂအဆင်ပြေနေပါစေ ၊ ရေရှည်အတွက်အကျိုးမရှိဘူး။
ဒါမှမဟုတ် တစ်ချိန်ချိန်မှာ အဆုံးသတ်ကောင်းတစ်ခု ဖြစ်မလာနိုင်တဲ့အခါ အတင်းဖက်တွယ်နေတာမျိုးတွေ မလုပ်မိပါစေနဲ့ ။
အချိန်ကြာလာတာနဲ့အမျှ ကိုယ်ပဲစိတ်ဆင်းရဲပြီး ပူလောင်နေရလိမ့်မယ်။

လူတစ်ယောက်ဟာ ကိုယ်ကဘယ်လောက်ပဲချစ်ချစ် ကိုယ်လက်တွဲတိုင်း လွတ်ထွက်ပြီးအဝေးကို သွားချင်နေသူဆိုရင် ကိုယ်ဘယ်လောက်ပဲဆွဲဆွဲ အချိန်တန်သွားမှာပါပဲ။ ဒါကိုမှ မဖြစ်မနေ ကိုယ့်အနားမှာ အတင်းဆွဲထားပြီး ချုပ်နှောင်ထားရင် သူဒုက္ခရောက်တာထက် ကိုယ်စိတ်ဒုက္ခရောက်ဖို့က ပိုများပါတယ်။ ကြာရင်ကိုယ်ပဲကွဲကြေရပါလိမ့်မယ်။

တစ်ခါတစ်ရံမှာ စွန့်လွှတ်ခြင်းဟာ ရှုံးနိမ့်ခြင်းကို ကိုယ်စားမပြုပါဘူး။
ပါးနပ်မှု ၊ ကြံ့ခိုင်မှု၊ ရေရှည်အကျိုးကို ကြည့်တတ်မှုလို့ခံယူလိုက်ရင် ဆုံးဖြတ်ချက်တွေ ပြတ်သားသွားပါလိမ့်မယ်။
လမ်းကြောင်းတစ်ကြောင်းသွားလို့ ခလုတ်တိုက်ဖန်များရင် ကိုယ်ပဲခြေထောက်နာပါတယ်။ ကိုယ်နာတာ ကိုယ်ပဲသိတာမို့ အချိန်မရွေး ဒီလမ်းကို ဆက်မလျှောက်ဖို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့်ရှိပါတယ်။

ကိစ္စတိုင်း၊ လူတိုင်းဟာ တွေ့ကြုံခွင့်ရတဲ့အခိုက်အတန့်လေးဟာ တစ်ခဏလေးပါ။ တစ်ချိန်ကျရင် ဒါတွေအားလုံးဟာ အကြောင်းရာ သေးသေးလေးတစ်ခုအနေနဲ့ပဲ ကျန်ရစ်ခဲ့တာပါ။
ဘယ်လောက်ခက်ခဲတဲ့ ကိစ္စ၊ ဘယ်လောက်ပဲ ချစ်လှချည့်ရဲ့ ဆိုဆို တစ်ချိန်ကြရင် ကိုယ့်လမ်းကိုယ်သွားရတာချည်းပါပဲ။

ကိုယ်နစ်မွန်းရင် သူများလည်း လာမဆွဲထုတ်နိုင်ပါဘူး။ ကိုယ်တိုင်ပဲဒီနွံထဲကနေ ထွက်ရတာမျိုးပါ။

-မာရင်ရင်

Credit :မနုဿ ရဲ့ စာမျက်နှာလေးများ