11/03/2017

အင်္ဂပူ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး အရိုက်ကြမ်းသဖြင့် ကျောင်းသားမိဘများ စိုးရိမ်နေ


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲဇင်းအုပ်စု၊ ငှက်ပျောတောကျေးရွာ အခြေခံမူလတန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးက တတိယတန်းကလေးငယ်အား အရှိုးရာထင်အောင် ရိုက်နှက်ဆုံးမမှုကို အကြောင်းပြုပြီး မိမိတို့ကလေးများလည်း အလားတူအဖြစ်မျိုးကြုံရမည်ကို စိုးရိမ်နေကြကြောင်း ကျောင်းသားမိဘများက ပြောသည်။

“ပြောချင်တယ်။ ဒါပေမဲ့ မပြောရဲဘူး။ ကိုယ့်ကလေးဘက်မဲလာမှာ စိုးရိမ်တယ်။ ကိုယ့်ကလေးကို စာတတ်စေ ချင်တယ်၊ လိမ္မာစေချင်တယ်။ ဒါပေမဲ့ အဲလိုရိုက်မှာကြောက်လို့ မပြောပါရစေနဲ့”ဟု ကျောင်းသားမိဘတဦးက News Watch သို့ နိုဝင်ဘာ ၂ ရက်တွင် ပြောသည်။

“ဆရာကြီးက ကျွန်တော်နဲ့ခင်ပါတယ်။ အခုကိစ္စမှာလည်း ဆရာကြီးက တောင်းပန်တယ်ပြောတယ်။ ကျန်တာတော့မပြောလို”ဟု ယင်းရွာနေသူဦးနေလွင်အောင်က ပြောသည်။

“လွန်ခဲ့တဲ့ လေးရက်လောက်က ဖြစ်တာပါ။ ကလေးက သူ့အသင်းတာဝန်ကျတဲ့နေ့မှာ ကျောင်းသော့ပျောက်လို့တဲ့ တုတ်ကသေးတော့ အရှိုးရာထင်လွယ် တာပေါ့။ တချက်က ပေါက်သွားတယ်။ သူ့အမေက သူငယ်ငယ်ကတည်းက အဆိပ်သောက်သေသွားတယ်။ သူ့အဖေကလည်း သိပ်ကျပ်မပြည့်သလိုပေါ့။ သူ့ဘကြီးက အလုံးစုံတာဝန်ယူကျွေးမွေးနေရတာ”ဟု တပ်ကုန်းရွာနေ ကိုဆွေက ဆိုသည်။

လက်ရှိတွင် ကလေး၏ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ယခုကိစ္စနှင့်ပတ်သက်၍ မိမိသားသမီးပညာ ရေးအတွက် မည်သူကမျှ အမည်ဖော်ပြောမပြချင်ကြကြောင်း ဒေသခံများက ပြောသည်။

ထန်းထန်း(မဲဇလီ)
 Credit : News Watch