4/27/2017

ပဟေဋ္ဌိတစ်ခုအနေနဲ့ ကျန်ရှိနေဦးမှာဖြစ်တဲ့ ထိပ်လန့် တုန်လှုပ် ခြောက်ခြားဖွယ်ရာ အရုပ်ကျွန်း


ကမ္ဘာပေါ်မှာ ထူးဆန်းခြောက်ခြားဖွယ် နေရာတွေအများကြီး ရှိနေပါတယ်။ အချို့နေရာတွေဟာ ရောက်သွားတာနဲ့ ကံဆိုးမိုးမှောင်ကျပြီး မကောင်းတာတစ်ခုခု ဖြစ်တော့မယ်ဆိုတာကို ကြိုသိနေတဲ့ ခံစားချက်မျိုး ရရှိနေတတ်ပါတယ်။ တစ်ချို့နေရာတွေကျတော့ ရောက်သွားတာနဲ့ တစ်ပြိုင်နက် အလိုလို ဝမ်းနည်းတဲ့စိတ်တွေ ဖြစ်ပေါ်နေတတ်သလို အချို့ကျတော့လည်း ရောက်ရှိနေတုန်းတစ်ခဏ စိတ်ထဲခဲဆွဲ ထားသလို တင်းတင်းကျပ်ကျပ် ခံစားရပြီး အဲ့ဒီနေရာက ပြန်လည်ထွက်ခွာပြီး နောက်ပိုင်းလဲ အိပ်မက်ဆိုးတွေနဲ့ ကြောက်လန့်နေရတဲ့အထိ ခြောက်ခြားဖွယ် နေရာမျိုးတွေ ကျနော်တို့ ကမ္ဘာမြေကြီးမှာ အမှန်တကယ် တည်ရှိနေခဲ့တာပါ။

 အထက်ပါ ခံစားချက်တွေ တစ်နေရာတည်း ရောထွေးပြီး ခံစားရစေမယ့် နေရာတစ်ခု မက္ကဆီကို နိုင်ငံမှာ တည်ရှိနေပါတယ်။ အဲ့ဒီနေရာကတော့ 'La Isla de las Munecas' လို့အမည်တွင်တဲ့ မက္ကဆီကိုနိုင်ငံက Islands of the Dolls လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ခုပဲ ဖြစ်ပါတယ်။
Island of the Dolls (La Isla de las Munecas) ဟာ Mexico City တောင်ဘက်ပိုင်းမှာရှိပြီး လူလုပ်ကျွန်းတစ်ခုဖြစ်ခဲ့တာပါ။

 ရှေးခေတ်အခါတွေတုန်းက စိုက်ပျိုးမွေးမြူရေးတွေ ထွန်းကားဖို့အတွက် ဖန်တီးထားတဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး 'Floating Garden' ဆိုပြီး အသုံးတော်ခံဖူးခဲ့တာပါ။ Mexico City တောင်ဘက်ပိုင်းမှာ ထိုကဲ့သို့သော လူလုပ်ကျွန်းငယ်တွေ မြောက်မြားစွာရှိခဲ့ဖူးပြီး ယနေ့ခေတ် စက်မှုလယ်ယာထွန်းကားချိန်မှာတော့ ထိုကျွန်းတွေဟာ စွန့်ပယ်ခြင်းခံခဲ့ရပြီး နိုင်ငံခြားသားတွေ လေ့လာရေးခရီးအတွက် သက်သက်သာရပ်တည်နေတော့တာ ဖြစ်ပါတယ်။

 ထိုကျွန်ငယ်တွေ အများကြီးထဲကမှ ခြောက်ခြားဖွယ်အကောင်းဆုံး, သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးဖြစ်တဲ့ 'La Isla de las Munecas ' ဟာ လူသိအများဆုံး နေရာတစ်ခုဖြစ်လာ ခဲ့တာပါ။ အဲ့ဒီကျွန်းဟာ ဘာလို့ Island of the Dolls လို့အမည်တွင်ခဲ့တာလည်း, ဘယ်လို ခြောက်ခြားဖွယ်အတိတ်တွေ ရှိခဲ့တာလည်းဆိုတာကို ဆက်လက်လေ့လာကြည့် နိုင်ပါတယ်။

 ဒီဇာတ်လမ်း အစပြုခဲ့ပုံက ဒီလိုပါ။ ၁၉၅၀ ခုနှစ်မှာ တစ်ကိုယ်တည်းသမားဖြစ်တဲ့ Julian Santana Barrera ဆိုသူဟာ ခု Island of the Dolls လို့နာမည်တွင်လာမယ့် စွန့်ပစ်ထားတဲ့ လူလုပ်ကျွန်းလေးမှာ တဲအိမ်လေးတည်ဆောက်ပြီးနေထိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အစမှာတော့ သူ့ရည်ရွယ်ချက်က အသီးအနှံတွေစိုက်ပျိုးဖို့ ဖြစ်ပြီး နောက်ပိုင်းသူပျိုးထောင်ရမှာက အိမ်မက်ဆိုးတွေဆိုတာကို ဆိုးရွားလှတဲ့ ကံကြမ္မာကလွှဲလို့ ဘယ်သူမှ ကြိုတင်မသိရှိနိုင် ခဲ့ပါဘူး။

 တစ်နေ့မှာ Barrera ဟာ မိန်းကလေးငယ်တစ်ယောက် ကျွန်းအစပ်မှာ ရေနစ်နေတာကို တွေ့လိုက်ရပါတယ်။ သူဟာ မိန်းကလေးကို ကယ်ဆယ်ဖို့ကြိုးစားခဲ့ပေမယ့် မမှီခဲ့ပါဘူး။ ထိုမိန်းကလေးကို မကယ်ဆယ်နိုင်တဲ့ Barrera ဟာ သူ့ကိုယ်သူအပြစ်မကင်း ဘူးလို့ခံစားရပြီး စိတ်တွေဖိစည်းနေခဲ့ခြင်းထြစ်ပါတယ်။ ဒီလိုနဲ့ Barrera ဟာ ကျွန်းပေါ်မှာ မိန်းကလေးငယ်လေးရဲ့ သီချင်းဆိုသံ ရယ်မောနေသံ သူ့ကို လာကယ်ဆယ်ပြီး ခေါ်ဆောင်နေတဲ့ အသံတွေကို စတင်ကြားရတယ်လို့ ဆိုပါတယ်။

 သူ့အပြင် ဘယ်သူဘယ်ဝါ အခြားတယောက်မှ ရှိမနေတဲ့ ကျွန်းပေါ်မှာ ညဘက်ရောက်လျင် သူ့တဲအိမ် အပြင်ဘက်တွင် ကုတ်ခြစ်သံများကြားလာရခြင်း ပြတင်းတံခါးလာခေါက်ခြင်း တွေကိုပါခံစားရလာခဲ့ရတာပါ။ တစ်ခါတစ်ရံ ညအချိန် Barrera ကျွန်းပေါ်လှည့်ပတ်သွားချိန်တွေမှာ သူမ၏ အရိပ်အယောင်ကို သစ်ပင်ထက် သို့ ရေပြင်တို့တွင် မြင်ရခြင်းတွေဖြစ်ပေါ် လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ လူသူကင်းမဲ့တဲ့ ဒီ ကျွန်းပေါ်မှာတစ်ကိုယ်တည်းနေတဲ့ Barrera ရဲ့ အပြုအမူ တွေဟာ ကြောင်စီစီဖြစ်လာ ခဲ့ပါတယ်။

 တစ်နေ့တော့ ရေထဲမှာ အရုပ်ကလေးတစ်ရုပ် မျောပါလာတာကို Barrera တွေ့မြင်လိုက်ပါတယ်။ သူဟာ ရေနစ်သေဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ အတိတ်နမိတ်ပြတယ်လို့ ယူဆပြီး ထိုအရုပ်ကို ရေထဲမှမရရအောင် ဆယ်ယူခဲ့ပါတော့တယ်။ ပြီးနောက် ထိုအရုပ်ကို ကျွန်းပေါ်ရှိ သစ်ပင်တစ်ပင်ပေါ်ချိတ်ထားပြီး သေဆုံးသွားတဲ့ မိန်းကလေးငယ် ကျေနပ်အောင်ဆိုပြီး ချိတ်ပေးခဲ့ပါတယ်။ ထိုနေ့ကစပြီး Barrera ရဲ့ ခြောက်ခြားမှုတွေဟာ အတော်အတန်ပြေလျော့ လာခဲ့တာကြောင့် သူဟာမိန်းကလေးငယ် ရဲ့ဝိဥာဉ်ပိုမို ကျေနပ်မှုရအောင် အရုပ်တွေကို ထပ်မံရှာဖွေပြီး ချိတ်ဖို့ကြိုးစားလာခဲ့ပါတယ်။

 Barrera သူစိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုတောင် အရုပ်တွေနဲ့ အလှဲအထပ်လုပ်တဲ့အထိ ဖြစ်လာခဲ့ပြီး အရုပ်တွေကို ကျွန်းအနှံ့ရှိ သစ်ပင်အောက်ခြေများမှာ ထားရှိခြင်း သစ်ပင် ပင်စည်နှင့် ကိုယ်ထည်များတွင် ချည်ထားခြင်း ကျွန်းရှိ ခြံစည်းရိုးများတွင် စိုက်ထားခြင်းများအပြင် သစ်ပင်ထက်မှ ကြိုးဖြင့်တွဲလောင်းချိတ်ခြင်း တို့ကိုပါ ပြုလုပ်လာခဲ့ပါသည်။ မကြာခဏလည်း ထိုအရုပ်များကို စိတ်တိုင်းကျနေရာများသို့ ပြန်လည်ရွေ့ပြောင်း ခြင်းတို့ကိုပါ ပြုလုပ်လေ့ရှိတာပါ။

 ဒီလိုနဲ့ Barrera အရုပ်တွေဟာ ကျွန်းတစ်ခုလုံးအပေါ် ပြန့်နှံ့များပြားလာခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ အမူအကျင့်ကို နီးစပ်ရာကျွန်းက လူတွေကပါ ပြောစဖွယ့်ဖြစ်လာခဲ့တာပါ။ လူအချို့က ထိုကျွန်းမှ အရုပ်များသည် ညဘက်များတွင် သီချင်းဆိုခြင်း, ပြုံးရယ်ခြင်းတို့ပြုကာ အသက်ဝင်လာကြသည်ဟု ယုံကြည်နေကြပါတယ်။ ဒါ့အပြင် ကျွန်းနှင့် နီးစပ်ရာလူများက Barrera သည် ညဘက်များတွင် ထိုအရုပ်များနှင့် စကားပြောခြင်း နှင့် သီချင်းဆိုခြင်းတို့ကို ပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ထိုကျွန်းပေါ်ရှိ အရုပ်များနှင့် Barrera တို့အကြောင်းသည် ကျွန်းအနီးတစ်ဝိုက် သို့လော သို့လော ပြောစမှတ်ဖြစ်လာခဲ့ပါတယ်။

 Barrera ရဲ့ အရုပ်စုဆောင်း ချိတ်ဆွဲခြင်း အကျင့်ထူးဟာ နှစ်ပေါင်း ၅၀ အကြာမှာ ရပ်တန့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Barrera ရဲ့ ရုပ်အလောင်းကိုလည်း ယခင် Barrera ပြောခဲ့ဖူးတဲ့ မိန်းကလေးငယ် ရေနစ်သေဆုံးခဲ့တဲ့ နေရာမှာပဲ ရှာဖွေတွေ့ရှိခဲ့ ရတာကြောင့်ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ Barrera ရဲ့ ဝိဥာည်ဟာ မိန်းကလေးငယ်လေးရဲ့ ဝိဥာည်နဲ့ပူးပေါင်းပြီး ထိုကျွန်းပေါ်မှာ ဆက်လက်ရှိနေတယ်လို့ ယုံကြည်နေကြပါတယ်။

 ယနေ့အချိန်အထိ ထိုကျွန်းကြီးပေါ်မှာ Barrera စုဆာင်းချိတ်ဆွဲခဲ့တဲ့ အရုပ်များကို လက်ရာမပျက် ထပ်မံတွေ့ရှိနိုင်ပြီး ထိုကျွန်းသို့ အလည်သွားသူတွေ အနေနဲ့လည်း အရုပ်အသစ်တစ်ခုစီ ယူဆောင်ပေးသွား လေ့ရှိတာပါ။ လက်ရှိ La Isla de las Munecas ကျွန်းတွင် Barrera ၏တူ Anastasio Valasquez နေထိုင်လျက်ရှိပြီး ထိုကျွန်းသို့ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရန် သွားရောက်သော ဗီဒီယိုအဖွဲ့သားများမှာလည်း သူတို့နေထိုင်ရိုက်ကူးစဉ် ညဘက်များတွင် အမိုးထက်မှ ကုတ်ဆွဲသံများကြားရခြင်း ထူးဆန်းကြောက်မက်ဖွယ် အသံများကိုလည်း ခံစားခဲ့ရကြောင်း ပြောဆိုခဲ့ပါသည်။

 လက်ရှိအချိန်တွင်လည်း ကျွန်းလေးပေါ်သို့ အလွယ်တကူ သွားလာနိုင်လာမှုတို့ကြောင့် သဘာဝလွန် ဖြစ်ရပ်များအား စိတ်ဝင်စားသူများ ထိတ်လန့်စွန့်စားမှုကို ကြိုက်နှစ်သက်သော ခရီးသည်များနှင့် ပြည့်နှက်လျက်ရှိနေပါသည်။ ခရီးသွားများ အဝင်အထွက်ဖြင့် ရှုပ်ထွေးနေသော်လည်း La Isla de las Munecas ကျွန်းမှ Barrera ၏ အရုပ်ကလေးများမှာမူ သူတို့အား ချိတ်ဆွဲချည်နှောင်ထားသော သစ်ပင် ခြံစည်းရိုးများထက်မှ သေးငယ်ဝိုင်းစက်သော မျက်လုံးအစုံတို့ဖြင့် ငေးမောကြည့်ရှု ကျန်နေခဲ့မည်သာ ဖြစ်ပါတော့တယ်။

Barrera မကယ်နိုင်လိုက်တဲ့ မိန်းကလေးဟာ ဘယ်သူဘယ်ဝါလဲ Barrera က ဘာရည်ရွယ်ချက်တွေနဲ့ ကျွန်းတစ်ခုလုံးကို အရုပ်တွေနဲ့ ပြည့်နေစေခဲ့တာလဲ Barrera ကိုယ်တိုင်ကကော ဘယ်လိုနည်းနဲ့ ရေနစ်သေဆုံး နေရတာလဲ သူ့သေဆုံးမှုကလည်း တိုက်ဆိုင်မှုသက်သက်လား ဒါမှမဟုတ် သေဆုံးသွားတဲ့ မိန်းကလေးရဲ့ ဝိဥာည်ကို သွားရောက်စောင့်ရှောက်ဖို့ သက်သက်လား ဆိုတာတွေကတော့ Don Julian Santana Barrera မှလွဲလို့ ဖြေရှင်းမရသေးတဲ့ ပဟေဋ္ဌိတစ်ခုအနေနဲ့ ကျန်ရှိနေဦးမှာ ဖြစ်ပါသည်။

Credit :MCNews
Source: ripleys