4/01/2017

အိုမင်းရင့်ရော်စေတဲ့ မနက်ခင်းအလေ့အကျင့် (၄) ခု


မနက်ခင်းတွေဆိုတာ လူတော်တော်များများအတွက် အိပ်ယာထရတာ၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတာ စသဖြင့် ခက်ခဲနေတတ်ပါတယ်။ မနက်အိပ်ရာထပြီး တစ်နေ့တာအတွက် အဆင်သင့်ပြင်ဆင်ရတာ ပျော်နေသူ သိပ်များများမရှိပါဘူး။ သင့်မနက်ခင်း အလေ့အထတွေက သင့်ကိုအိုမင်းရင့်ရော်စေသလား။ မိမိကိုယ်ကိုယ် ပြန်လည် နုပျို၊ လန်းဆန်းနေစေဖို့ ရှောင်ကြဉ်သင့်တဲ့ အဓိက အမှား (၄) ခုရှိပါတယ်။

အိပ်ရေးဝဝ မအိပ်ခြင်းက ရုပ်ပိုရင့်စေတဲ့ အချက်ပါပဲ။ တစ်ည ၅ နာရီထက် ပိုမအိပ်ခြင်းက မျက်ကွင်းတွေ ညိုစေရုံမက အသက်လည်း တိုစေပါတယ်။ အိပ်ရေးမဝမှုလက္ခဏာထဲမှာ နေ့ဘက်အားအင်ကုန်ခမ်းမှု၊ စိတ်ထိုင်းမှိုင်းလေးကန်ခြင်း၊ အာရုံစူးစိုက်မှုပြသနာ သို့မဟုတ် ကိုယ်အလေးချိန်တက်ခြင်းတို့ ပါဝင်ပါတယ်။ ညဘက် အနည်းဆုံး ၇နာရီ ကြိုးစားအိပ်ဖို့ အကြံပြုထားပါတယ်။

ပြတင်းပေါက်မှာ အလင်းကာတွေ အသုံးပြုခြင်းက အကြံကောင်းတစ်ခု လုံးဝမဟုတ်ပါဘူး။ သင့်ကို မနက်အိပ်ရာကနိုးဖို့ သဘာဝအလင်းရောင်တွေ အခန်းထဲမရောက်ဘဲ အမှောင်ထဲမှာဘဲ နေရခြင်းကြောင့် တစ်နေ့တာအတွက် အဆင်သင့် ဖြစ်စေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် မြို့ပေါ်နေထိုင်သူတွေ ခုလို အခန်းမှောင်ထဲနေကြတာ များပြီး စိတ်ကျရောဂါစတဲ့ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပြီး အပြည့်အဝ တက်ကြွနိုးကြားမှုမရှိ အိပ်ငိုက်စေနိုင်ပါတယ်။
မနက်ခင်းအချိန်က ကော်ဖီငြင်းဆိုရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကဖိန်းဓာတ်က ရုပ်ရည်နဲ့ ပတ်သက်ရင် ကောင်းကျိုးမပေးပါဘူး။ ကဖိန်းဓာတ်က ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။ အော်ဂဲနစ်မဟုတ်ပါက စွဲလန်းစေမှု၊ နှလုံးခုန်နှုန်း တိုးမြင့်ပြီး ကိုယ်အလေးချိန်ကျဆင်းမှု အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်နည်းတဲ့ ကော်ဖီ သို့မဟုတ် လက်ဖက်ရည် ရွေးချယ်သောက်သုံးတာ ပိုမိုကောင်းမွန်သင့်တော်ပါတယ်။

မနက်နိုးနိုးချင်း အိပ်ရာထဲကနေ ခုန်ထွက်တာ ကောင်းတဲ့အချက်တစ်ခုမဟုတ်ပါဘူး။ လူတချို့ခံနိုင်ရည်ရှိပေမယ့် အိပ်ရာထဲကနေ ချက်ချင်းထသွားရင် မူးဝေ သို့မဟုတ် အားအင်ချိနဲ့မှု ခံစားနိုင်ပါတယ်။ တချို့တွေ သွေးပေါင်ကျမှုတောင် ဖြစ်တတ်ပါတယ်။ ကမန်းကတန်းထမယ့်အစား နိုးစက်ကို ၁၀ မိနစ်ခန့် စောပေးပြီး အပြေးအလွှားပြင်ဆင်မှုကို ရှောင်ရှားပါ။

Credit :Trend Myanmar