လက်ရှိမှာ ကြော်ငြာတွေရိုက်ရင်း သီချင်းခွေလေးတစ်ခွေကို ဖန်တီးနေတယ်လို့ပြောလာသူကတော့ ၀ါဆိုမိုးဦးပါ။ Single Album ပေမဲ့ Featuring အနေနဲ့၆ယောက်ပါဝင်မှာဖြစ်ပြီး မြူးဇစ်အမျိုးအစားစုံစုံလင်လင်ကို နားဆင်ရမယ်လို့သူမက ပြောပြလာပြန်ပါတယ်။ ဒါ့အပြင် သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး နာမည်နှစ်လုံးပိုင်ရှင် အဆိုတော်တစ်ယောက်နဲ့တွဲနေတယ်လို့လဲ သိရတာကြောင့် သူမရဲ့အခွေအကြောင်းနဲ့လက်ရှိမျာထူးခြားနေပြီဖြစ်တဲ့အချစ်ရေးအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ
-အားလုံးစိတ်ဝင်စားနေကြတဲ့ ၀ါဆိုအချစ်ရေးလေးကိုလဲသိချင်ပါတယ်။
အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အခုကတော့ အဆင်ပြေပါတယ်။
-ရက်ပ်ပါအဆိုတော်တစ်ယောက်နဲ့တွဲနေတယ်လို့လဲကြားတယ်။ အတည်ပြုပေးပါဦး။
ဘယ်လိုပြောရမလဲ။ တွေ့တဲ့သူတွေတော့ ရှိမှာပေါ့နော်။ တွေ့ရင်တွေ့တယ်လို့မှတ် ၊ မြင်ရင်မြင်တယ်လို့မှတ်ပေါ့။ မပြောချင်ဘူးဆိုတာကလဲ ကိုယ်တွေက အနုပညာရှင်တွေဖြစ်နေတာကြောင့်လဲ ပါတယ်။ ၀ါဆိုအချစ်ရေးက အခုချိန်မှာ အတည်တကျဖြစ်ပြီလို့လဲပြောလို့မရသေးဘူးလေ။ တကယ်ယူတော့မယ်ဆိုရင်တော့ သေချာပြီပေါ့။ အဲ့ဒီအခါကျရင်တော့ ပရိသတ်ကိုဖွင့်ပြောပါ့မယ်။ အခုက မသေချာသေးလို့ပါ။
-ပရိသတ်တွေ ၀ါဆိုကို သဘောကျတာတစ်ခုက ရည်းစားထားတယ်။ ဘာညာဆို သူများကို ငြင်းတာမျိုးမရှိဘူး။ ဘယ်သူဘယ်ဝါအတိအကျမဖြေရင်သာနေမယ်။ ပြောပြတယ်ပေါ့။ အဲ့ဒီအပိုင်းလေးကိုလဲပြောပြပေးပါဦး။
ဝါဆို Lifeကိုက သိပ်မဖုံးကွယ်တတ်ဘူး။ ၀ါဆိုရည်းစားရှိတယ်ဆိုရင် တချို့ပရိသတ်တွေသိပါတယ်။ ဖွင့်ပြောဖို့အချိန်မတန်သေးလို့သာ မပြောသေးတာပါ။ ပြီးတော့တစ်ဖက်ကိုလဲပြန်ကြည့်ပေးနေရသေးတဲ့အခါကျတော့လေ။ လောလောဆယ်တော့ သိပ်အတိအလင်းကြီးမပြောချင်သေးတာပါ။
-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
အခုလောလောဆယ်က ၀ါဆို ကြော်ငြာလေးတွေရိုက်ဖြစ်တယ်။ နောက်ဝါဆို အခွေလေးတစ်ခွေလဲလုပ်နေတယ်။ စီဒီရော အမ်တီဗီရောတစ်ခါတည်းထွက်မှာပေါ့။ တစ်လပိုင်းလောက်တော့ထွက်ဖို့စဉ်းစားထားတယ်။ Audio ထဲမှာ ၁၁ ပုဒ် ဒါမှမဟုတ် ၁၂ ပုဒ်လောက်တော့ထည့်ဖြစ်မယ်။ အမ်တီဗီကတော့ ၉ပုဒ်လောက်ပဲရွေးရိုက်ဖြစ်မှာပါ။
-လုပ်ဖြစ်နေတဲ့အခွေလေးနဲ့လဲမိတ်ဆက်ပေးပါဦး။
Single Album ပါပဲ။ ဒါပေမဲ့ Featuring တွေတော့ပါတယ်။ ကိုနေတိုး၊ ကိုကျော်ကျော်ဗို၊ ကိုမင်းမော်ကွန်း၊ ကိုထွန်းထွန်း၊ ကိုအားတီ၊ မစန္ဒီမြင့်လွင်ပေါ့။ သူတို့သီချင်းတွေကိုတော့ သူတို့နဲ့ပဲသရုပ်ဆောင်ပါမယ်။
-အမ်တီဗီကရော ဘယ်လိုပုံစံလေးတွေနဲ့ရိုက်ကူးထားလဲ။
အမ်တီဗီကတော့ သူ့သီချင်းနဲ့သူလိုက်အောင်တော့ ရိုက်ထားပါတယ်။ အကောင်းဆုံးတော့ လုပ်ထားတယ်။ လူအားရော၊ ငွေအားရောပေါ့။ အဓိကကတော့ ၀ါဆို အခွေလေးထွက်ရင် ပရိသတ်တွေကို နားထောင်စေချင်တယ်။ အဲ့ဒါလေးပါပဲ။
-ဒါရိုက်တာတွေကရော ဘယ်သူတွေပါမလဲ။
အများကြီးပဲ။ အခုရိုက်ထားသလောက်ကတော့ ကိုဝင်းလွင်ထက်၊ ကိုသုံးပေါင်ပါတယ်။ ကျန်တာကတော့ ဘယ်သူတွေဖြစ်မလဲမသိသေးဘူး။ အခုလောလောဆယ်က ၄ပုဒ်ရိုက်ပြီးသွားပါပြီ။
-ဖေ့စ်ဘွတ်မှာတင်ထားတာကရော အဲ့ဒီအခွေလေးထဲကလား။
ဟုတ်ပါတယ်။ ကိုထွန်းထွန်းနဲ့ဟာလေးကိုတင်ထားတယ်။ ကျန်တဲ့အပုဒ်တွေကတော့ ထုတ်မှပဲကြည့်လိုက်တော့ပေါ့နော်။
-တေးရေးတွေကရော ဘယ်သူတွေများလဲ။
ဦးရွှေဂျော်ဂျော်၊ ကိုဇ၀ါ ၊ ကိုရွှေထူး၊ ကိုဟဲလေး၊ ကိုအားတီ၊ ကိုယုန်လေး၊ နောက်ကိုဖြိုးလေးအပြင် ကိုဆလိုင်းပြီးတော့ တခြားသူတွေလဲပါပါသေးတယ်။ မရတဲ့ဟာတွေလဲမရသေးဘူးပေါ့။
-ပါဝင်မဲ့သီချင်းအမျိုးအစားတွေကရော ဘာတွေများလဲ။
မျိုးစုံပဲအစ်မ။ pop ၊ R&B ၊ နောက် EDM ပုံစံမျိုးလေးတွေလဲပါပါတယ်။
-ဂီတသမားတိုင်းကြုံတွေ့နေရတဲ့ Link ပြန့်တဲ့ကိစ္စအပေါ် ၀ါဆိုအမြင်လေးကိုလဲသိချင်ပါတယ်။
Link ကတော့ ထုံးစံပဲ။ ပြန့်မှာပဲလေ။ ၀ါဆိုအတွက် အခွေရောင်းရဖို့ကအဓိကမဟုတ်ဘူး။ ၀ါဆိုငွေကိုဆုံးပြီးသားလို့ကိုသတ်မှတ်ထားတာ ၀ါဆိုသီချင်းတွေကို ဘယ်ကနေပဲရလို့နားထောင်နားထောင်၊ ကြည့်ကြည့် ၀ါဆိုကတော့ ကျေနပ်တယ်။ အဓိကက ၀ါဆိုအခွေလေးကို နားထောင်ပေးရင်ကြည့်ပေးရင်ကို ၀ါဆိုလုပ်ရကျိုးနပ်ပါပြီ။ ငွေရေးကြေးကိုတော့ ၀ါဆိုသိပ်မစဉ်းစားတော့ဘူး။ အားလုံးကတော့ အရှုံးခံပြီးထုတ်နေကြတာပဲဆိုတော့လေ။
-သီချင်းဖက်ပဲလုပ်ဖြစ်နေတာလား။ ကားရိုက်ပိုင်းကိုရော ဘယ်လိုဆက်လုပ်သွားမလဲ။
ကားရိုက်တွေခဏနားထားတယ်။ ဘာလို့လဲဆိုတော့ ဒီသီချင်းခွေလေးက ၀ါဆိုကိုယ်တိုင်ထုတ်တာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေပြေလေးနဲ့ထွက်သွားချင်လို့ပါ။ အခက်အခဲတွေကအများကြီးရှိတယ်လေ။
-ဖေစ့်ဘွတ်လူမှုကွန်ယက်အပေါ် နေ့စဉ်နဲ့အမျှတက်နေတဲ့ အနုပညာရှင်တွေရဲ့ သတင်းနဲ့ပတ်သက်ပြီး ၀ါဆိုအမြင်လေးကိုလဲသိချင်ပါတယ်။
တော်တော်စိတ်ညစ်နေတယ်။ ဘာလို့လဲဆိုတော့ ဟုတ်လဲ အဆဲခံရတယ်။ မဟုတ်လဲအဆဲခံရတယ်။ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ အားလုံးသိထားတာက မြန်မာနိုင်ငံဆိုတာ အရမ်းယဉ်ကျေးတဲ့နိုင်ငံလေ ပြီးတော့ လူတိုင်းလူတိုင်းမှာ သူ့အကြောင်းနဲ့သူတော့ရှိကြမှာပဲလေ။ မကောင်းပြောနေတာထက်စာရင် ကောင်းအောင်ဖြည့်တွေးလိုက်ရင် အားလုံးအဆင်ပြေသွားမယ် ထင်တာပဲ။ နောက်ပြီး ၀ါဆိုတို့မြန်မာနိုင်ငံက အရမ်းစိတ်ထားသဘောထားကောင်းတယ်။ ကြင်နာတတ်တယ်။ ပြီးတော့ သူများအပေါ်မှာ နစ်နာလိုစိတ်မရှိဘူး။ ဒါပေမဲ့ အခုဖေ့စ်ဘွတ်ပေါ်မှာကျတော့ ဘာမှမဟုတ်ပဲဆဲနေတယ်။ အဲ့ဒီလိုဆဲနေဆိုနေတာကိုတွေ့ပြီး အရမ်းစိတ်ပျက်မိတယ်။ မဖြစ်စေချင်ဘူးပေါ့။ လူတိုင်းမှာလဲ အကျိုးသင့်အကြောင်းသင့်ရှိကြမှာပဲလေ။ အဲ့ဒီအတွက်ကြောင့် အကောင်းမြင်စိတ်လေးနဲ့ကြည့်ပေးကြရင်တော့ ပိုကောင်းမယ်လို့ထင်ပါတယ်။
-ခရီးသွားဖို့ရော အစီအစဉ်ရှိဦးမလား။
ရှိတယ်။ ဒါပေမဲ့စဉ်းစားနေတုန်းပေါ့။ နိုင်ငံခြားမှာ အမ်တီဗီလေးသွားရိုက်ရင်ကောင်းမလားပေါ့။ ဒါပေမဲ့ငွေးကြေးကိုချိန်ပြီး အခြေအနေကြည့်နေတုန်းပေါ့။
-၀ါဆိုလုပ်နေတဲ့အခွေလေးနဲ့ပတ်သက်ပြီး ပရိသတ်ကြီးကိုဘာများပြောချင်သေးလဲ။
အဲ့ဒီအခွေလေးကို တစ်လပိုင်းလောက်တော့ထွက်ဖို့လုပ်နေတယ်ပေါ့။ အခွေလေးထွက်လာရင်လဲ သီချင်းလေးတွေကိုနားထောင်ပေးပါ။ အရုပ်လေးတွေကိုလဲကြည့်ပေးပါလို့။ အရုပ်ရောအသံရောတွဲထွက်မှာဖြစ်တဲ့အတွက်ပရိသတ်ရဲ့ဝေဖန်မှုကိုအရမ်းမျှော်လင့်နေပါတယ်။
Credit :Trend Myanmar