အမေရိကန်နိုင်ငံ နယူးရော့ခ်ပြည်နယ်က Saratoga Springs မှာရှိတဲ့ The Gideon Putnam အပန်းဖြေစခန်းက မကြာခင် ကွာရှင်းတော့မယ့်စုံတွဲတွေအတွက် ဝန်ဆောင်မှုတွေ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ တကယ်တော့ ဒီအပန်းဖြေစခန်းက မင်္ဂလာပွဲ အခမ်းအနားပွဲတွေပြုလုပ်လေ့ရှိတဲ့ နာမည်ကြီး အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ရှေ့ဆက်လက်တွဲဖို့အတွက် ဝေခွဲရခက်နေတဲ့ သွေးအေးနေကြပြီဖြစ်တဲ့ စုံတွဲတွေအတွက်လည်း အချစ်သစ် ပြန်လည်မွေးဖွားလာစေမယ့် ဝန်ဆောင်မှုတွေပေးသွားဖို့စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။
ကွာရှင်းမယ့်စုံတွဲတွေအတွက် ဝန်ဆောင်မှုအစီအစဉ်တွေကို ဟိုတယ်ရဲ့ ဝက်ဘ်ဆိုက်မှာတရားဝင် မတင်ရသေးပေမဲ့ ဝန်ဆောင်ခနှုန်းထားက $5,000 လောက်ရှိမယ်လို့ New York Post မှာဖော်ပြထားပါတယ်။ အဲ့ဒီမှာ သီးခြားအခန်း ၂ ခန်း၊ စေ့စပ်ညှိနှိုင်းပေးသူနဲ့ spa ဝန်ဆောင်မှုတွေ ပါဝင်မယ်လို့ ဆိုထားပါတယ်။
Post မှာဖော်ပြထားချက်အရ ဒီဝန်ဆောင်မှုကိုရယူမယ့် စုံတွဲတွေအနေနဲ့ ဆန္ဒရှိပါက မကြာခင်ထုတ်လွှင့်တော့မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေမှာ ပါဝင်နိုင်ပြီး သီးသန့်တိတ်တိတ်ဆိတ်ဆိတ်နေလိုပါကလည်း သီးသန့်နေလို့ရနိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ ကွာရှင်းမယ့်စုံတွဲတွေအတွက် ဝန်ဆောင်မှုတွေစီစဉ်ပေးရတဲ့ အယူအဆကတော့ နားလည်နိုင်စရာရှိပါတယ်။
ကွာရှင်းဖို့စဉ်းစားထားတဲ့ စုံတွဲတစ်တွဲက သူတို့ပြဿနာတွေကို စေ့စပ်ညှိနှိုင်းပေးနိုင်မယ့်သူတစ်ယောက်ရှိနေပြီး နှစ်ယောက်စလုံးနဲ့ မပတ်သက်တဲ့ပတ်ဝန်းကျင်တစ်ခုမှာ တစ်ပတ်ခန့်နေကြည့်ရင်း ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ဖြစ်ပါတယ်။တချို့စုံတွဲတွေက သွေးပူပြီးလျှက်တပြက်ဆုံးဖြတ်ချက်တွေနဲ့ ကွာရှင်းကြတာရှိသလို အေးအေးဆေးဆေး ပြေပြေလည်လည်နဲ့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲလိုတဲ့စုံတွဲမျိုးတွေအတွက် စီစဉ်ထားတဲ့အထူးဝန်ဆောင်မှု ဖြစ်ပါတယ်လို့ ဟိုတယ်တာဝန်ရှိသူတွေက ဆိုထားပါတယ်။
Credit :Trend Myanmar