3/26/2016

အိမ်ထောင်ရေးပြဿနာကို ဘယ်လို ဖြေရှင်းနိုင်သလဲ



အချစ်ရေးတို့ အိမ်ထောင်ရေးတို့ဆိုတာ စာဖွဲ့လောက်တဲ့ကိစ္စမဟုတ်ဘူးလို့ ထင်မှတ်ကြသူတွေလည်း ရှိသလို၊ အိမ်ထောင်ရေးဆိုတာလည်း ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ဖို့ အနုပညာတစ်ရပ်လိုပဲ ခက်ခဲနက်နဲလှတဲ့ လူမှုရေးပညာရပ်ဖြစ်တဲ့အတွက် လေ့လာဆည်းပူးသင့်တယ်လို့ ယူဆသူတွေရှိပါတယ်။အဲဒီထဲမှာ ကျွန်မလည်း အပါအ၀င်ပါပဲ။

ကျွန်မအနေနဲ့လည်း အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ စာအုပ်စာပေတွေကိုလည်း ဖတ်ခဲ့လေ့လာခဲ့ပါတယ်။
စာအုပ်တွေနဲ့ လူ့ပတ်ဝန်းကျင်မှာလေ့လာမိခဲ့တာတွေအရ အိမ်ထောင်ရေးကို ထိခိုက်ပျက်ဆီးစေတဲ့ အကြောင်း ၅ ချက်ရှိတယ်လို့ နားလည်မိတယ်။

(၁)ခင်ပွန်းက အချစ်ပဲ ပေးပြီး မေတ္တာ မပေးတဲ့အတွက် ပျက်ရတဲ့ အိမ်ထောင်( ဇနီးသည်ကို နှမလို၊ အစ်မလို စောင့်ရှောက်ပေးရပါတယ်၊ ဇနီးသည်ကို ညအိပ်ဖော်လိုပဲ သဘောထားပြီး ဂရုစိုက်၊ စောင့်ရှောက်တာမျိုး ကြင်နာ ယုယတာမျိုးမရှိရင်လည်း အဲဒီအိမ်ထောင်ဟာ ပျက်စီးတတ်တယ်တဲ့။

(၂)တစ်ဖက်စောင်းနင်း အနိုင်ယူမှုများကြောင့် ပြိုကွဲရသော အိမ်ထောင်ရေး။(တစ်ယောက်ယောက်က အခြားတစ်ယောက်ကို အနိုင်ယူနေတာများရင်လည်း အဲဒီအိမ်ထောင်ဟာ ရေရှည်မတည်တန့်နိုင်ပါဘူး)

(၃)မယုံသင်္ကာစိတ်နဲ့ သံသယများခြင်းကြောင့် ပြိုကွဲရသော အိမ်ထောင်ရေး။(ကိုယ့်ခင်ပွန်း၊ကိုယ့်ဇနီးအပေါ် အမြဲတမ်း မယုံသင်္ကာံစိတ်နဲ့ မျက်စိထောက်ကြည့်နေတာ အမြဲပြောဆိုနေတာတွေကလည်း သူ့ရဲ့ သိက္ခာကို ထိပါးစေတဲ့အတွက် ဘယ်သူမှ ကြာရှည် သည်းမခံနိုင်ပါဘူး)

(၄)အပြန်အလှန်နားလည်မှု မပေးနိုင်ဘဲ ၀တ္တရားပျက်ကွက်မှုများသောကြောင့် ပြိုကွဲရသော အိမ်ထောင်ရေး။(ကိုယ့်ဘက်က အယူပဲ ရှိပြီး ပြန်လည် ပေးဆပ်တာမျိုးမရှိတာမျိုးတွေပါ)

(၅)သစ္စာပျက်ယွင်းသောကြောင့် ပြိုကွဲရသော အိမ်ထောင်ရေး။(ဖောက်ပြန်တတ်တဲ့ သူ ပါဝင်တဲ့ အိမ်ထောင်ရေးဟာလည်း မတည်တန့်နိုင်ပါဘူး)
အဲဒီအခြေခံ ၅ ချက်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ကျွန်မတို့အိမ်ထောင်ရေးမှာလည်း ကြုံခဲ့ရဖူးပါတယ်။

ကျွန်မက အသက် ၂၅ နှစ်မှာအိမ်ထောင်ပြုခဲ့တယ်။ ငယ်စဉ်ကာလမှာ အများတကာတွေဖြစ်တတ်တဲ့အတိုင်း ခင်ပွန်းသည်အပေါ် ချစ်တဲ့ စိတ်နဲ့ပဲ တွေးတယ်၊ ပြောဆိုတယ်၊ ဆုံးဖြတ်တယ်...အဲဒီလို ဆောင်ရွက်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေ၊ ဆောင်ရွက်ချက် မမျှတတာတွေလည်း မှားခဲ့ဖြစ်ခဲ့ကြုံခဲ့ရပါတယ်။

သူ့တစ်ယောက်ကို အချစ်တစ်ခုတည်းနဲ့ လက်ထပ်ခဲ့တယ်၊ အဲဒါကြောင့် ရူးမိုက်တယ်ဆိုဆို ကိုယ်ဟာ အချစ်ကို ကိုးကွယ်သူလို့ ကိုယ့်ကိုယ်ကိုလည်း မာန်တက်ခဲ့ပါတယ်။ သူ့ကို ချစ်တဲ့ အချစ်မှာ ကိုယ့်ရဲ့ အတ္တဘယ်လောက်ပါဝင်သလဲ ဆိုတာလည်း မစဉ်းစားမိခဲ့ပါဘူး။

သူ့ကို ချစ်တဲ့ စိတ်နဲ့ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ အရင်ဆုံး သူကိုယ့်နားမှာ ရှိမရှိ သိချင်တာပဲ။ မရှိရင်တော့ ပြဿနာ ရှာတာလည်း ကိုယ်ပါပဲ။ အလုပ်ကနေ အိမ်ပြန်နောက်ကျတဲ့အခါ သူလာရာလမ်းကို မျှော်တတ်တာလဲ ကိုယ်ပဲ။ သူက တစ်ခါတစ်ရံ သူ့အမေကို ၀င်နေလို့ ကြာတယ်လို့ ကြားရင် မျက်ရည်ဝဲတယ်။ ကိုယ်နဲ့ သူ့အမေ ဘယ်သူ့ကို ပိုချစ်သလဲ ဆိုတာကို မဆီမဆိုင် တွေးတာလဲ အဲဒီကာလမှာပဲ။

ဒါပေမဲ့ သူ့အနေနဲ့ အမေနဲ့ ဇနီးကြားမှာ ဗျာများပြီး စိတ်ညစ်မှာ စိုးတယ်။
အဲဒီအချိန်မှာ သူ့အတွက် ကိုယ်ဟာ နံပတ် ၁ မဖြစ်မှာကို သိပ်ကြောက်တာပေါ့၊ အဲလို ကြောက်လေ သူ့အပေါ်ကို ဖိအားပေးမိတာမျိုးလည်း ဖြစ်ခဲ့တာပဲ။

ခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက ကျွန်မတကယ်ဆိုးခဲ့တာပဲ၊ သူ့အပေါ်မှာလည်း အနိုင်ကျင့်လိုက်မိသလို ခံစားရပါတယ်။
သူ့ကို မေးတော့ သူက သူ့ကို ချစ်လို့ အဲလိုဖြစ်တာလို့ နားလည်ပြီး ကျွန်မဆိုးတာ သိပေမဲ့ ခွင့်လွှတ်တယ်...တဲ့။

ဒါကို ပြန်စဉ်းစားကြည့်တော့အကိုလို ဖခင်လို ခင်ပွန်းသည်မျိုးကို ရထားတာပါလားဆိုတဲ့ စိတ်နဲ့ ကျေးဇူးတင်ရပါတယ်။ အဲဒါကြောင့် သူ့တန်ဖိုးကို နားလည်လာတဲ့အခါ ချစ်တဲ့စိတ်နဲ့ အနိုင်ကျင့်မိတာမျိုးတွေ မလုပ်မိတော့ဘူး။

တကယ်လို့များ သူ့အပေါ်ကို မင်္ဂလာဦးတုန်းကလို သိသိကြီးနဲ့ ဆိုးတာတွေ အနိုင်ယူတာတွေကိုဆက်လုပ်နေဦးမယ်ဆိုရင်တော့ သူလည်း ကျွန်မကို စိတ်ပျက်သွားနိုင်တာပဲ။ ပြီးတော့ အိမ်ထောင်ရေး ပျက်ဆီးသွားနိုင်မယ်လို့ တွေးမိပါတယ်။

နောက်တော့ သားကြီးကိုယ်ဝန်ဆောင်တော့မပြည့်မစုံ ဆင်းဆင်းရဲရဲနဲ့ကို်ယ်ဝန်ဆောင်နေရပေမဲ့ သူ့ရဲ့ စေတနာနဲ့ မေတ္တာကြောင့် ကိုယ့်ကိုယ်ကို ကံအကောင်းဆုံးမိန်းမလို့တောင် ထင်မှတ်မိသေးတယ်။

နောက်အိမ်ထောင်သက် ၆ နှစ်နဲ့ ၇ ခုနှစ်ဝန်းကျင်မှာ ကျွန်မတို့ရဲ့ ဒုက္ခတွေကြုံရတဲ့အချိန် ငွေကြေးအခက်အခဲတွေ ဘ၀အရေးတွေနဲ့ နေ့စဉ်ရက်ဆက် စိတ်သောကတွေ ရောက်နေချိန်မှာ သူနဲ့ကိုယ် ဘယ်လို ဖြတ်သန်းခဲ့ကြသလဲ။ သေချာတာကတော့ အဲဒီတုန်းက သူကလည်း စိတ်ထွက်ပေါက်အနေနဲ့ အရက်သောက်တာမျိုး မရှိခဲ့ဘူး။အဲတုန်းက ပြဿနာတွေကို လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ဖြေရှင်းကြတယ်။

မိန်းမတစ်ယောက်ရဲ့ သစ္စာကို ချစ်သူခင်ပွန်းသည်မှာ ဘာမှ မရှိတော့တဲ့ အချိန်မှာ သိနိုင်တယ်တဲ့...။ ဆင်းဆင်းရဲရဲနဲ့ မပြည့်မစုံဖြတ်သန်းနေရပေမဲ့ သူ့အနားကနေ ထွက်သွားဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး။ ဆင်းရဲပေမဲ့ သူ့ကို ချစ်တဲ့ စိတ်၊ မိသားစုကို တန်ဖိုးထားတဲ့ စိတ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့တာချည်းပါပဲ။

အဲလို အခက်အခဲတွေကို တစ်ဆင့်ချင်း ဖြေရှင်းပြီးတဲ့အချိန်မှာ ဒုတိယသမီးလေးအပြင် တတိယ သမီးလေးကို မွေးဖို့ ဖြစ်လာခဲ့တယ်။ တတိယသမီးလေး မွေးပြီး မကြာခင်မှာပဲ ကျွန်မတို့နှစ်ယောက် တက်ညီလက်ညီနဲ့ ကြိုးစားကြတာ ကိုယ်ပိုင်တိုက်ခန်းလေး ရှိလာတယ်။ လုပ်ငန်းလေးလည်း ထူထောင်လာနိုင်တယ်။

လုပ်ငန်းလေး ကောင်းမွန်အောင်မြင်စွာ လည်ပတ်နေချိန်မှာ ကိုယ်ပိုင် ကားလေးတစ်စီးကို သူက ၀ယ်ပေးခဲ့တယ်။
အဲလိုနဲ့ ဘ၀မှာ ငွေရေးကြေးရေးအတွက် စိတ်မပူရတော့ဘူး၊ သားသမီးတွေကလည်း အငယ်ဆုံးက မူလတန်းတက်နေချိန်လို့ ဆိုနိုင်တဲ့ အချိန်မှာ ကိုယ်က အသက် ၄၀။ ဘ၀မှာ အတိုင်းအတာတစ်ခုထိတော့ ရည်မှန်းချက်တွေ ပြည့်စုံပြီး အောင်မြင်ချိန်ပေါ့။ ဒီအချိန်မှာ သူ့ရဲ့ သစ္စာတရားကိုလည်း အသိအမှတ်ပြုရပါတယ်။

ယောင်္ကျားတစ်ယောက်ရဲ့ သစ္စာဟာ သူ့ဘ၀အရာရာပြည့်စုံနေတဲ့အချိန်မှာ သိနိုင်တယ်တဲ့။

ခုချိန်ထိကျွန်မတို့ အိမ်ထောင်ရေးမှာ မေတ္တာတရားနဲ့သစ္စာတရားဟာ ခိုင်မြဲနေဆဲပါ။ အသက် ၄၀ ကျော်တွေ အိမ်ထောင်သက် ၁၇ နှစ်ကျော်ပြီ။ အောင်မြင်တဲ့ အိမ်ထောင်ရေးကို ထူထောင်နိုင်ပြီလို့ ဆိုနိုင်တဲ့ အချိန်ပါ။

အောင်မြင်တဲ့ အိမ်ထောင် ထူထောင်ဖို့ဆိုရင် သစ္စာတရားနဲ့ အချစ်ခြင်းညီဖို့ အရေးကြီးတယ်လို့ အိမ်ထောင်ရေးကျွမ်းကျင်သူတွေက ဆိုကြတယ်။

ကျွန်မအတွေ့အကြုံအရ ဖြည့်စွက်ချင်တာကတော့ အပြန်အလှန် ထားပေးတဲ့ နားလည်မှုကလည်း အရေးကြီးပါတယ်။ နားလည်မှုနဲ့ စာနာစိတ်သာ မရှိခဲ့ရင် လူနှစ်ဦး ရေရှည်လက်တွဲနိုင်ဖို့ ဆိုတာ ခက်ခဲလှပါတယ်။

ပြီးတော့ ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့စိတ်နဲ့ စတင်ခဲ့ကြတဲ့အတွက် မေတ္တာတရားနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ အဲဒါကြောင့် ခုချိန်ထိ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်းရင်း သစ္စာခိုင်မြဲနေကြတုန်းပါပဲ။
ကျေးဇူးတင်ပါတယ်ရှင်
မေသင်္ကြန်ဟိန်(မြစ်မခ)